သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားအရပ်သား ၁၀၀ ကျော်သေဆုံးမှု ကုလရှုတ်ချ


ဆီးရီယားနိုင်ငံအတွင်း ငြိမ်းချမ်းရေးအစီအစဉ်တွေ ပြန်အဖတ်ဆယ်ဖို့အတွက် နိုင်ငံတကာ ငြိမ်းချမ်းရေး အထူးသံတမန် ကိုဖီ အာနန်ဟာ ဆီးရီယားနိုင်ငံကို နှစ်ရက်ကြာခရီး စတင် ရောက်ရှိနေပါပြီ။ တချိန်တည်းမှာပဲ Hama မြို့လယ်မှာ အစိုးရဘက်က တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူပေါင်း ၃၄ ဦး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ဆီရီးယားမြို့တော် ဒမတ်စကဒ်ကို တနင်္လာနေ့ ရောက်ရောက်ချင်း လက်နက်ကိုင်ထားတဲ့ ဘယ်သူမဆို လက်နက်ဘေးချပြီး ၁၅ လကြာ ဆီးရီယားပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်ရေး လုပ်ဆောင်ကြဖို့ မစ္စတာအာာနန်က တိုက်တွန်းခဲ့ပါတယ်။ သောကြာနေ့တုန်းက Houla မြို့ ပုန်ကန်မှုမှာ အနည်းဆုံး လူပေါင်း ၁၀၈ ဦး သေဆုံးခဲ့တဲ့ ၀မ်းနည်းဖွယ်ဖြစ်ရပ် အတွက် သူ့အနေနဲ့ တုန်လှုပ်ခြောက်ခြား မိတယ်လို့လည်း ပြော သွားပါတယ်။

အရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာာန်ဟာ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး Walid Moallem နဲ့ အခုရက်နှောင်းပိုင်းမှာ တွေ့ဆုံဖို့ရှိတယ်လို့ ဆီးရီယား တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတ ဘတ်ရှာ အယ် အာဆတ်ဒ်နဲ့တော့ လာမယ့် အင်္ဂါနေ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့ကနေ တနင်းလာ အစောပိုင်းအထိ Hama မြို့ အတွင်းကို လုံခြုံရေးတပ်တွေဘက်က ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ လူ့အခွင့်အရေါ်လှုပ်ရှားသူတွေက ပြောပါတယ်။ အစိုးရ ထိန်းချုပ် ထားတဲ့နေရာတွေကို သူပုန်တွေက တိုက်ခိုက်မှု အပေါ် တန်ပြန်တဲ့လုပ်ရပ်လို့ ပြောကြပါတယ်။ အဲဒီ တိုက်ပွဲတွေ အတွင်း သူပုန်တွေရော စစ်သားတွေပါ ထိခိုက်သေဆုံးပြီး အရပ်သား အနည်းဆုံး ၁၃ ဦး သေဆုံးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ ဆီးရီယားအတွင်း အခုလို သေကြေ ဒဏ်ရာရမှုတွေအပေါ်မှာတော့ သီးခြားအတည်ပြုလို့မရပါဘူး။

XS
SM
MD
LG