သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ ဒေါ်စု တွေ့ဆုံ အားပေး


ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေစဉ်။ (မေလ ၃၀ ရက်၊ ၂၀၁၂။)
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေစဉ်။ (မေလ ၃၀ ရက်၊ ၂၀၁၂။)

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ ဘေး ဒုက္ခတွေကို ကူညီ ဖြေရှင်းပေးနိုင်ရေး တတ်နိုင်သမျှ ကြိုးစားသွားပါမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောဆိုလိုက်ပါတယ်။ အလုပ်သမားတွေအနေနဲ့ကလည်း ကိုယ့်ရဲ့ ဥပဒေကြောင်းအရ ရပိုင် ခွင့်တွေကို သိအောင်လုပ်ကြဖို့နဲ့ အခွင့်အရေးတွေကို ဘယ်လိုရအောင်ယူနိုင်တယ်ဆိုတာ သိအောင် လုပ်ကြဖို့လည်း တိုက်တွန်းအားပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံဆီရောက်ပြီး နောက်တရက် မှာပဲ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံ ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ဲတဲ့ မဟာချိုင်မြို့မှာ ကိုယ်တိုင် သတင်းသွားယူခဲ့ဲတဲ့ ကိုကျော်ကျော်သိန်းက သတင်း ပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက် မြို့တော်နဲ့ သိပ်မဝေးလှတဲ့ စမွတ်စခွန်ပြည်နယ်၊ မဟာချိုင်မြို့ဆီ မေလ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက သွားရောက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ခဲ့၊ သူတို့ရဲ့ ပြဿနာ အခက်အခဲတွေကို နားထောင်ခဲ့တာပါ။

“ကျမတို့အနေနဲ့ ရောက်တုန်းပေါ့နော်- တတ်နိုင်သမျှ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာလေ့လာပြီးတော့ ဒါတွေကို ဖြစ်မြောက်အောင်လို့ ကြိုးစားပါ့မယ်။”

အလုပ်သမားတွေ စုဝေးစောင့်ဆိုင်းနေတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်နဲ့ချီတဲ့အလုပ်သမားတွေက အလုပ်အကိုင်တွေဖျက်ပြီးတော့ကို စိတ်လှုပ်ရှားတက်ကြွစွာနဲ့ စောင့်ဆိုင်းကြိုဆိုခဲ့ကြပါတယ်။

ကိုယ့်နိုင်ငံမဟုတ်တဲ့ သူများနိုင်ငံမှာ လာပြီး အလုပ်လုပ်နေရတဲ့အခါ ကိုယ့်ရဲ့အလုပ်ကိုကျွမ်းကျင်ဖို့၊ ကိုယ့်ရဲ့တာဝန်ကိုသိဖို့ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားတွေကို ပြောခဲ့ပါတယ်။

သူဟာ ရွှေ့ပြောင်းအလုပ်သမားကိုယ်စားပြု လူပုဂ္ဂိုလ်တွေ၊ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေ တဲ့ အဖွဲ့အစည်း တွေက လူပုဂ္ဂိုလ်တွေ၊ ထိုင်းနိုင်ငံ အလုပ်သမားအရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အလုပ်သမားတွေရဲ့ ပြဿနာတွေ၊ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပြီးတဲ့အခါမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ပြဿနာအားလုံးကို မသိနိုင်ပေမဲ့ တော်တော်များများ ကို သဘောပေါက် ပါတယ်လို့ ပြောပါတယ်။ အလုပ်သမားတွေအနေနဲ့ ဥပဒေဘောင်ထဲက ကိုယ့်ရဲ့ ရပိုင်ခွင့်တွေကို သိအောင်ကြိုးစားကြဖို့နဲ့ ရပိုင်ခွင့်တွေမရဘူးဆိုရင် ဥပဒေဘောင်အတွင်းကနေ ဘယ်လိုနည်းနဲ့ ဆောင်ရွက်ရမလဲဆိုတာကိုလည်း သိအောင်လုပ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

သူ့အနေနဲ့လည်း အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ရေး ကတိပေး ပြောဆိုခဲ့ ပါတယ်။

“ကျမအနေနဲ့ ကတိတွေ မပေးချင်ဘူး၊ ကတိတွေပေးပြီး မတည်ရင်မကောင်းဘူး။ အဲဒီတော့ ကျမ ကတိတခုပဲ ပေးနိုင်ပါတယ်။ ကျမ အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်လို့တော့ ကတိပေးပါတယ်။ ကျမတို့မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ကျန်းမာ၊ ချမ်းသာကြပါစေ၊ ဘေးအန္တရာယ်မှ ကင်းဝေးပါစေ၊ မြန်မာပြည်ကို အမြန်ဆုံးပြန်လာနိုင်ကြပါစေ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လအတွင်းမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO မှာ မိန့်ခွန်း တခုပြောဖို့ရှိပြီး အဲဒီထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကိစ္စကိုလည်း ထည့်သွင်းပြော ဆိုမယ်လို့ ခန့်မှန်းရပါတယ်။

အလုပ်ဆင်းရက်ဖြစ်ပေမဲ့ အလုပ်ဖျက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လာကြိုဆိုပြီးတော့ သူ့ပြောစကားကို လာနားထောင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကလည်း သူတို့ရဲ့ခံစားချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ အတွေးတွေကို ဗွီအိုအေကို အခုလို အသီးသီး ပြောပြခဲ့ကြပါတယ်။

“သမီးက အမေ့ကို လာကြိုတာ၊ ဘာဖြစ်လို့ရယ်လို့လည်းမဟုတ်ဘူး။ အရမ်းကို ချစ်တဲ့အတွက်ကြောင့် လာကြိုတာ- ဘာမှ မျှော်လင့်ချက်ထားပြီး လာကြိုတာတော့ မဟုတ်ပါဘူး။ အရမ်းကိုချစ်လွန်းလို့၊ အရမ်းကို တွေ့ချင်လွန်းလို့ အပင်ပန်းခံပြီး လာကြိုတာပါ။ သမီးက အလုပ်မပိတ်ဘူး။ ဒါပေမယ့် သဌေးဆီမှာခွင့်တောင်းပြီးတော့ ကြိုးစားပမ်းစားနဲ့လာကြိုရတာ၊ သူတို့လည်း အကုန်လုံးကို ခွင့်မပေးနိုင်ဘူး။ အရမ်းကို ဝမ်းသာပါတယ်။ သူ ဘာလုပ်ပေးမယ်လို့ မျှော်လင့်ပြီး ဝမ်းသာတာတော့ မဟုတ်ပါဘူး။ သူ့ကိုတွေ့ရလို့ သူ့ကိုချစ်လွန်းလို့ကို ဝမ်းသာမိတာပါ။ ငယ်ငယ်ကတည်းက သူ့ကိုချစ်ခဲ့တယ်ဆိုတော့-”

“အမေစုဆိုတာ တွေ့ရဖို့ ခဲယဉ်းပါတယ်။ တသက်မှာတခါပဲ တွေ့ရပါတယ်။ သူများတွေ တွေ့ချင်လို့တောင် မတွေ့ရပါဘူး။ အဲဒါကြောင့်- ကျနော်ဆိုရင် မနက် ၆ နာရီကတည်းက လာပါတယ်။ ထမင်းလည်းမစား၊ ဘာမှ မစားဘူး။ အမေစုကို တွေ့ချင်တဲ့စိတ်နဲ့။ အခုတွေ့လိုက်ရတော့ အရမ်းကို ပီတိဖြစ်ပါတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုထားတဲ့အမေစုကို ကျနော်တို့အနေအထားနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အခက်အခဲတွေ သိအောင် ပြောပြဖို့ဆိုတာ ခဲယဉ်းပါတယ်။ အကိုတွေကနေတဆင့် သိအောင် ပြောပေးဖို့ ကျနော်တို့ကလည်း တိုက်တွန်းချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေ့ပြောင်းအလုပ်သမားအရေး ဆွေးနွေးဖို့ဆိုပြီး ထိုင်းအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ် ချာလမ်မ် ယူဘမ်ရုန်န်းနဲ့ တွေ့ဆုံဖို့ ပန်ကြားထားပြီးတော့ ထိုင်းနိုင်ငံခြားရေး ဌာနက တွေ့ဆုံပွဲအတွက် စီစဉ်နေပါတယ်။

မေလ ၂၉ ရက်ညပိုင်းက ဘန်ကောက်မြို့တော်ဆီ ရောက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ရောက်ပြီးပြီးချင်း နောက်တနေ့ မှာပဲ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ တာပါ။ ဒါဟာဖြင့် ၂၄ နှစ်အတွင်း သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် ထိုင်းနိုင်ငံဆီလာရောက်ခဲ့ဲတဲ့ အဓိကအကြောင်းရင်းတွေထဲက တခုဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ နောက် အဓိကဖြစ်ဖွယ်ရှိတဲ့ အကြောင်းရင်းတခုကတော့ မြန်မာဒုက္ခသည်တွေရဲ့ အရေးကိစ္စပါ။ သူဟာ ဇွန်လ ၂ ရက်၊ စနေနေ့မှာ ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းဆီ သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်ခင်ဗျား။

XS
SM
MD
LG