ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီဆစ် ဝိချာချီ၀ (Abhisit Vejjajiva) နဲ့လည်း ညနေပိုင်းတုန်းက ဟိုတယ်လ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်လာပြီး အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့အရေး အပါအဝင် မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ စိန်ခေါ်မှုတွေ ရှိနိုင်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ် လို့ မစ္စတာအဘီဆစ်က ပြောပါတယ်။ ဘန်ကောက်မှာ ကမ္ဘာ့စီးပွားရေးညီလာခံ လာတက်တဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်အပါအဝင် တခြားအစိုးရအရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိပေမယ့် တရားဝင် သဘောမျိုး တွေ့ဆုံမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါ တယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံကို တက်ဖို့ရောက်ရှိနေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ ဒီကနေ့ မဟာချိုင်မှာရှိတဲ့ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံပြီးအပြန်လာ သူမတည်းခို တဲ့ Shangrila ဟိုတယ်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ် ဒီမိုကရက်ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ အဘီဆစ် ဝိချာချီဝနဲ့ တွေ့ဆုံခဲ့ကြတာပါ။
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြစဉ် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အပါအဝင် မြန်မာအလုပ်သမားတွေအရေး ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း အဘီဆစ် ဝိချာချီ၀ က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ အဓိကကျတယ် ဆို တာကို ကျနော်တို့နှစ်ဦးစလုံး သဘောတူကြပါတယ်။ နိုင်ငံခြားငွေလှဲလှယ်မှုနဲ့ပတ်သက်ပြီး တညီတညွတ် တည်းဖြစ်အောင် လုပ်ဆောင်တာမျိုးလို ပြုပြင်ပြောင်းလဲမှုတွေရှိခဲ့ပေမဲ့ တခြား စီးပွားရေးဆိုင်ရာ ဥပဒေတွေ၊ ရင်းနှီးမြုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲပြီး ထင်သာမြင်သာရှိအောင် လုပ်ဖို့လိုပါ တယ်။ နောက် ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေကိစ္စလည်း ကျနော်တို့ ဆွေးနွေးဖြစ် ပါတယ်။ အလုပ်သမားတွေ ပိုပြီး အဝင်အထွက် ရှိနိုင်ရေးနဲ့ သူတို့ရဲ့ အခွင့်အရေးတွေ၊ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးနိုင်ရေးကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့စီးပွားရေးညီလာခံ ပြင်ပမှာ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) နဲ့လည်း သီးခြား တွေ့ဆုံဖို့ရှိတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြော ခွင့်ရပုဂ္ဂိုလ် ခွန်ထာနီးက ဗွီအိုအေကို ပြောပြပါတယ်။
“ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံမယ်ဆိုတာကိုတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် စီးပွားရေး ညီလာခံပြင်ပမှာနဲ့ ထိုင်းဝန်ကြီးချုပ်က ကိုယ်စားလှယ်တွေကို ဧည့်ခံမယ့် ညစာ စားပွဲပြင်ပမှာတော့ တွေ့ကောင်းတွေ့နိုင်ပါလိမယ်။”
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ထိုင်းဘက်က တာဝန်ရှိသူတွေ၊ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ သလို သူ့ရဲ့ခရီးစဉ်မဆုံးခင်မှာ ထိုင်းမြန်မာ နယ်စပ်ဒေသမှာရောက်နေကြတဲ့ မြန်မာ-ဒုက္ခသည်တွေကို လည်း ဇွန်လနှစ်ရက်နေ့မှာ သွားရောက် တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပေမယ့် လုံခြုံရေးအရ တာဝန်ယူဖို့ ကိစ္စအပါအဝင် အဲဒီ နယ်စပ်ခရီးစဉ်နဲ့ ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေထံ တရားဝင် တောင်းဆိုတင်ပြ ထားတာမရှိသေးဘူးလို့ ခွန်ထာနီးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် ဒုက္ခသည်တွေပါ ဒီခရီးစဉ် အတွင်းမှာ တွေ့ဆုံမှာဖြစ်တဲ့အတွက် ဒုက္ခသည်တွေ ပြည်တော်ပြန်ရေးကိစ္စကို ဆောင်ရွက်ပေးနိုင်လိမ့်မယ် လို့ မျှော်လင့်တဲ့အကြောင်း KWO ကရင်အမျိုးသမီးများအဖွဲ့ကလည်း အိတ်ဖွင့်ပေးစာတစောင် ဒီကနေ့ ထုတ်ပြန်ပြန်လိုက်တာပါ။
“ဒေါ်စုက ထိုင်းနိုင်ငံကို Economic Forum ဆိုပြီးတော့မှ လာပြီးတက်ဖို့ရှိတဲ့အပေါ်မှာ ကျမတို့က- အခု ဆိုလို့ရှိရင်လည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ အခြေအနေမှာဆိုလို့ရှိရင် ငြိမ်းချမ်းရေးတွေ ခေါ်နေတဲ့ အချိန်မှာ အဲဒီဖြစ်စဉ်မှာ တကယ်လို့ အောင်မြင်တယ်ဆိုလို့ရှိရင် ကျမတို့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အဲလိုမျိုး အစီအစဉ်တွေရှိတယ်ဆိုတာ သိထားပါတယ်။ တကယ်လို့ ဒေါ်စုက ထိုင်းနိုင်ငံကို ရောက်ခဲ့မယ် ဆိုလို့ရှိရင် ကျမတို့ရဲ့ ဒုက္ခသည်တွေအခြေအနေကို သူကိုယ်တိုင်တွေ့သွားအောင်၊ နောက်ပြီး ကျမတို့ ကရင်အမျိုးသမီး အစည်းအရုံးအနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် ကျမတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ ကျမတို့ရဲ့သဘောထားတွေ ဘယ်လိုရှိတယ်ဆိုတာ ကျမတို့က သူနဲ့တွေ့ဖြစ်တယ်ဆိုလို့ရှိရင် တိုက်ရိုက်ပြောခွင့်ရအောင်ဆိုပြီးတော့မှ အဲလို ရည်ရွယ်ချက်နဲ့ ကျမတို့ ဒီစာကို ရေးတာဖြစ်တယ်။”
ကရင်အမျိုးသမီးများအဖွဲ့က နန့်ဒါအဲ့ခလားက အိတ်ဖွင့်ပေးစာ ထုတ်ပြန်ရခြင်းနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ တာပါ။
လက်ရှိ နိုင်ငံရေးအခြေအနေအရကတော့ ဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ လည်း နန့်ဒါအဲ့ခလားက ပြောပါတယ်။ ကရင်ပြည်နယ်က ဒုက္ခသည်တွေ ပြည်တော်ပြန်ရေးအတွက် လိုအပ်ချက်တွေကတော့ - တိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်တဲ့နေရာတွေမှာ စစ်တပ်တွေရှိနေရင် လုံခြုံမရှိလို့ ခံစားရတဲ့အတွက် ရှေ့တန်းဒေသမှာချထားတဲ့ မြန်မာစစ်တပ်က တပ်စခန်းတွေချထားတာ အပြီးသတ် ရုပ်သိမ်းပေးဖို့၊ ကရင်ပြည်နယ်အတွင်းအပါအဝင် မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းမှာ ရှိနေ တဲ့ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပေးဖို့၊ နောက် ဒုက္ခသည်တွေ ပြည်တော်ပြန်မယ့်ကိစ္စမှာ ဒုက္ခသည်တွေ ကိုယ်တိုင်က ဦးဆောင်စီစဉ်တာမျိုး ဖြစ်ရမယ်ဆိုတဲ့ အခြေခံအချက်တွေရှိမှ ပြန်နိုင်မယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေရဲ့ဘ၀ ပြန်လည်ထူထောင်နိုင်ရေးကိစ္စတွေမှာလည်း အစိုးရက ကူညီပံ့ပိုးပေးဖို့ လိုတယ်ဆိုတာကိုလည်း နန့်ဒါအဲ့ခလားက ထောက်ပြပါတယ်။
လောလောဆယ်မှာတော့ မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ကြား အပစ်အခတ်ရပ် စဲရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတို့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မယ်လဒုက္ခသည်စခန်းကို လာမယ့် စနေနေ့ ဇွန်လ ၂ ရက်နေ့မှာ သွားရောက် လေ့လာမှာဖြစ်ပေမယ့် KWO ကရင် အမျိုးသမီးများအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရမယ်၊ မရဘူးဆိုတာတော့ ခုချိန်ထိ မသိရသေးဘူးလို့ နန့်ဒါအဲ့ခလားက ပြောပါတယ် ခင်ဗျား။