သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအတွက် AI အမြင့်ဆုံးလူ့အခွင့်အရေးဆုကို Bono ကိုယ်တိုင် ချီးမြှင့်မည်

Amnesty International လူ့အခွင့်အရေးအဖွဲ့ရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုကို နံမည်ကျော် အိုင်ယာလန် ရော့ခ် အဆိုတော် Bono ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ဖို့ရှိနေပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို AI ရဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုဖြစ်တဲ့ Ambassador of Conscience Award ယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်ဆုကို ၂၀၀၉ ခုနှစ်ကတည်းက ချီးမြှင့်ခဲ့တာပါ။ လာမယ့် ဇွန် ၁၈ ရက်နေ့ အိုင်ယာလန်နိုင်ငံ Dublin မြို့ကို ဒေါ်အောင် ဆန်းစုကြည် လာရောက်တဲ့အခါမှာ ဒီဆုကို Bono ကနေ ချီးမြှင့်ပေးဖို့ ရှိပါတယ်။

Electric Burma လို့ အမည်ပေးထားတဲ့ အဲဒီ ဆုပေးပွဲအခမ်းအနားမှာတော့ Bono ပါတဲ့ U2 တေးဂီတ အဖွဲ့အပြင် အခြား အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေလည်း ပြုလုပ်မှာဖြစ်ပါတယ်။ ရော့ခ် အဆိုတော် Bono နဲ့ U2 တေးဂီတအဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ကမ္ဘာအနှံ့ သူတို့ပွဲစဉ်မှာ လှုံ့ဆော် စည်းရုံးခဲ့သူဖြစ်ပါတယ်။

အခုလာမယ့် ဇွန်လ ၁၈ ရက်နေ့ဟာ သူ့အတွက်တော့ ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ ဆုံခွင့်ရမယ့် အရေးဖြစ်တယ်လို့ အဆိုတော် Bono က ပြောပါတယ်။

၂၄နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အတွင်း မှာ နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြင့်ခဲ့တဲ့ နော်ဝေး၊ အင်္ဂလန် နဲ့အတူ အိုင်ယာလန်နိုင်ငံကိုပါ သွားရောက်မှာဖြစ်ပါတယ်။ အခု အိုင်ယာလန်မှာလုပ်မယ့် Electric Burma ဂုဏ်ပြုဖျော်ဖြေပွဲကိုတော့ Amnesty International က ဦးဆောင်စီစဉ်ပြုလုပ်တာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG