သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနှင့်ခေါင်းဆောင်တချို့ WEF ညီလာခံမှာ သီးခြားတွေ့ဆုံမည်


ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။ ညနေပိုင်းမှာ အရှေ့အာရှ စီးပွားရေးညီလာခံ ကျင်းပရာနေရာကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာ တာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မြန်မာအလုပ်သမားတွေ အများအပြားရှိနေတဲ့ မဟာချိုင်ကို သွားရောက်ပြီး မြန်မာအလုပ်သမားတွေကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက စုစည်းတင်ဆက်ပေးထား ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးညီလာခံအတွင်းမှာပဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံ ဖွယ်ရှိပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ကမ္ဘာ့စီးပွားရေးညီလာခံ တရားဝင်ဖွင့်ပွဲ အခမ်းအနား ပြုလုပ် မှာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်အပါအဝင် ခေါင်းဆောင်အတော်များများက အရှေ့အာရှ အနာဂတ်အပေါ် အမြင်တွေကို မိန့်ခွန်း ပြောဆိုကြဖို့ရှိပါတယ်။ မနက်ဖြန် ဇွန်လ တစ်ရက်နေ့ မနက်ပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံမှာတော့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောဖို့ရှိပြီး မွန်းလွဲပိုင်းမှာတော့ မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုတွေဟာ ဒေသနဲ့ကမ္ဘာကြီးအတွက် ဘယ်လို သက်ရောက်နိုင်သလဲ ဆိုတဲ့ အပေါ် မြန်မာနိုင်ငံရေးအနာဂတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ရှိပါတယ်။

မနေ့ကတော့ ကမ္ဘာ့စီးပွားရေးညီလာခံကို မရောက်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ အလုပ်သမားတွေ အများအပြားရှိတဲ့ ဘန်ကောက်မြို့အနီး မဟာချိုင်အရပ်ကို သွားရောက်ရာမှာ ထောင်နဲ့ ချီတဲ့ မြန်မာတိုင်းရင်းသားလူမျိုးတွေရော ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ ထိုင်းလူမျိုးတွေပါ စုဝေးရောက်ခဲ့ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ ကျနော်တို့မှာ အလုပ်နားလို့ရှိရင် ၁၀ ရက်၊ ၁၅ ရက် ဖိုင်း (fine) တပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဂရုမစိုက်ပါဘူး။ အမေစုဆိုတာ တွေ့ရဖို့ ခဲယဉ်းပါတယ်။ တသက်မှာ တခါပဲ တွေ့ရပါတယ်။ သူများတွေ တွေ့ချင်လို့တောင် မတွေ့ရပါဘူး။ ကျနော်ဆိုရင် မနက် ၆ နာရီ ကတည်းက လာပါတယ်။ ထမင်းလည်းမစား-ဘာမှ မစားဘူး။ အမေစုကိုတွေ့ချင်တဲ့စိတ်နဲ့။ အခု တွေ့ လိုက်ရတော့ စိတ်ထဲမှာ အရမ်းကို ပီတိဖြစ်ပါတယ်။”

“အရမ်းကိုချစ်တဲ့အတွက်ကြောင့် လာကြိုတာ- ဘာမှ မျှော်လင့်ချက်ထားပြီး လာကြိုတာတော့ မဟုတ်ပါ ဘူး။ အရမ်းကိုချစ်လွန်းလို့၊ အရမ်းကို တွေ့ချင်လွန်းလို့ အပင်ပန်းခံပြီး လာကြိုတာပါ။ ဒီနေ့က အလုပ်မပိတ် ဘူး။ ဒါပေမယ့် သဌေးဆီမှာခွင့်တောင်းပြီးတော့ ကြိုးစားပမ်းစားနဲ့ လာကြိုရတာ၊ သူတို့လည်း အကုန်လုံး ကို ခွင့်မပေးနိုင်ဘူး။”

“မေမေ ဒေါ်အောင်ဆန်းစုကြည် အချုပ်ထဲမှာနေတာ ကြာပြီ။ ဘာမှ မသိဘဲနဲ့ - တိုင်းသူပြည်သား အားလုံး က ဒုက္ခရောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ - ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေတယ်။ မေမေဘာမှ မသိဘူး။ ဒါကြောင့်မို့လို့ မေမေသိအောင် ဒီထိုင်းနိုင်ငံမှာ လာလို့ရှိရင် သမီး မေမေ့ကို ကြိုနေမှာပါ။”

ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အားပေးစကားပြောပြီး တိုင်းပြည် အခြေအနေ မြင့်တက်လာတာနဲ့ အမျှ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေ တန်ဖိုး မြင့်တက်လာစေရမယ် လို့ ပြောဆိုသွားပါတယ်။

“ကျမတို့ဟာ မျက်နှာငယ်စရာ၊ အားငယ်စရာ ဘာမှ မလိုဘူး။ အမြဲတမ်းပြောင်းလဲနေမှာပဲ။ အဲဒီတော့ ဒီတကြိမ်တခါမှာ ကျမတို့နိုင်ငံသားတွေက ဒီမှာလာပြီး လုပ်နေရတယ်ဆိုပေမယ့် ကျမတို့နိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကျမတို့နိုင်ငံသားတွေရဲ့ အခြေအနေနဲ့တန်ဖိုးကလည်း တက်လာမှာပဲဆိုတာကို သိကြပါ။”

ထိုင်းနိုင်ငံအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်တဲ့ ခရီးစဉ်တွေမှာ ထိုင်းအာဏာပိုင်တွေက လုံခြုံရေး အပြည့်ယူထားပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂ ရက်နေ့မှာတော့ မြန်မာ တိုင်းရင်းသားဒုက္ခသည်တွေရှိနေတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့ ရှိပါတယ်။ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ကိုလည်း တွေ့ဆုံဖို့ရှိသလို မဲဆောက်က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကိုလည်း သွားရောက် လေ့လာဖွယ် ရှိပါတယ်။

XS
SM
MD
LG