လာမယ့်ဆယ်နှစ်အတွင်း ကမ္ဘာတဝန်းမှာ ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ ဥတုရာသီ အပြောင်းအလဲတွေကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးကြရမယ့်လူဦးရေ အကြီးအကျယ် တိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
UNHCR ဒုက္ခသည်များဆိုင်ရာ ကုသမဂ္ဂမဟာမင်းကြီး Antonio Guterres က ကမ္ဘာကြီးဟာ ပြဿနာကို အဖြေရှာဖို့ထက် အခြေအနေမဲ့ ကစဉ့်ကလျား ထွက်ပြေးနေကြရသူတွေ တိုးလာအောင် ဖန်တီးနေတယ် လို့ ပြောဆိုလိုက်တာပါ။ အကျပ်အတည်း အခက်အခဲတွေ ကာကွယ်ဖို့နဲ့ နိုင်ငံရေးအရ အဖြေရှာဖို့အတွက် ကမ္ဘာကြီးမှာ စွမ်းဆောင်ရည်တွေ ကျဆင်း လာတာ တွေ့ရတယ်လို့ Mr. Guterres ကပြောဆိုလိုက်တာပါ။
ကမ္ဘာတဝန်း လူဦးရေတိုးလာတာ၊ စားရေရိက္ခာရှားပါးလာတာနဲ့ အရင်းအမြစ်တွေကို အပြိုင်အဆိုင် ရယူနေကြ တာစတဲ့ အကြောင်း အမျိုးမျိုးကြောင့် လူ ၄၃ သန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ UNHCR ရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ လိုက်ပါတယ်။ အဲဒီ ၄၃ သန်းအနက် ၈၀% ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကဖြစ်ပြီး ပဋိပက္ခတွေထက် သဘာ၀ ဘေးအန္တရာယ်ကြောင့် အခြေအနေမဲ့လူဦးရေ တိုးလာရတယ်လို့ဆိုပါတယ်။ ဥတုရာသီ အပြောင်းအလဲ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်ကြောင့် နိုင်ငံ ကနေ ထွက်ပြေးလာသူတွေကို နိုင်ငံတကာဥပဒေအရ ဒုက္ခသည် အဖြစ် မသတ်မှတ်သလို အကာအကွယ် မပေးတဲ့အပေါ်မှာလည်း UNHCR အစီရင်ခံစာက ဝေဖန်ထောက်ပြထားပါတယ်။