သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA နဲ့ MRTV သဘောတူညီချက်


မြန်မာနိုင်ငံမှာ ဗွီအိုအေ အမေရိကန်အသံရဲ့ သတင်းမီဒီယာ လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ခွင့်ပြု သွားမှာ ဖြစ်တဲ့အကြောင်း ပြန်ကြားရေး ဝန်ကြီး က ပြောလိုက်ပါတယ်။ ဗွီအိုအေ ညွှန်ကြားရေးမှူး ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဒုတိယမြောက်နေ့အဖြစ် နေပြည်တော်မှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း နဲ့ တွေ့ဆုံချိန်မှာ အခုလို လက်ခံသွားမယ့် အစီအစဉ်ကို လက်မှတ်ရေးထိုး သဘောတူလိုက်တာ ဖြစ်ပါ တယ်။ အပြည့်အစုံ ကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက သတင်းအချက်အလက်တွေကို ပြည်တွင်းမှာ စုဆောင်း ရယူနိုင်ဖို့ ဗွီအိုအေ အမေရိကန် အသံ မြန်မာပိုင်းရဲ့ သတင်းထောက် တွေ ပြည်တွင်းမှာ သတင်းယူခွင့်ပြုဖို့နဲ့ ဗွီအိုအေ က ထုတ်လွှင့်တဲ့ အစီအစဉ် တချို့ကို မြန်မာနိုင်ငံမှာ ပြန်လည် ထုတ်လွှင့်ဖို့ စတာတွေကို မြန်မာ အစိုးရဘက်က လက်ခံ လိုက်တာ ဖြစ်ပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ပြန်ကြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အင်္ဂါ နေ့မှာ လက်မှတ်ရေးထိုး သဘောတူညီချက် ရရှိခဲ့တာလု့ိ ဗွီအိုအေ မြန်မာပိုင်းကို ညွှန်ကြားရေးမှူး David Ensor က ပြောပြပါတယ်။

“မြန်မာအစိုးရ ရုပ်မြင်သံကြားနဲ့ ရေဒီယိုဌာန ညွန်ကြားရေးမှူးချုပ်နဲ့အတူ ဒီကနေ့ လက်မှတ်ရေးထိုးကြ တာ ဖြစ်ပါတယ်။ သဘောတူညီချက် မှာတော့ ဗွီအိုအေက ထုတ်လုပ်တဲ့ အင်္ဂလိပ်စာ သင်ခန်းစာတို တချိုု့ကို မြန်မာရေဒီယိုတွေကတဆင့် ပြန်လည် ထုတ်လွှင့်ဖို့နဲ့ ရုပ်မြင်သံကြား မှာလည်း အလားတူ ပြသနိုင်ဖို့တွေ ပါဝင်ပါတယ်။ ဒါဟာ တိုးတက်မှု တခုပါ၊ ကြီးကြီးမားမား မဟုတ်ပေမဲ့ အရေးကြီးတဲ့ ဖြစ်ထွန်းမှု တခု ဖြစ် သလို၊ ဒီထက် ကြီးကြီးမားမား အခြေအနေတွေ ပေါ်ပေါက်လာဖို့လည်း မျှော်လင့်ထားပါတယ်။ ဒုတိယ အနေနဲ့ကတော့ မြန်မာပြန်ကြားရေး ဝန်ကြီးနဲ့ တွေ့ချိန်မှာ ဗွီအိုအေ မြန်မာပိုင်းဌာန အနေနဲ့ ပြည်တွင်းကို အကြိမ်ကြိမ် ဝင်ပြီး အလုပ်လုပ်ခွင့် ရနိုင်မယ့် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေး ရေး အစီအစဉ်ကို အားပေးတဲ့အကြောင်း ပြောကြားသွားတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ဗွီအိုအေ အနေနဲ့ တရားဝင် ရုံးခွဲတခု ဖွင့်လှစ်ပြီး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရရှိရေးအတွက်လည်း မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ညွန်ကြားရေးမှူး David Ensor က ပြောပါတယ်။ ဒီလို အခြေအနေတွေ ပေါ်ပေါက်လာမယ် ဆိုရင်တော့ ဒါဟာ မီဒီယာ လုပ်ငန်း အပါအဝင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း လည်း သူက ပြောခဲ့တာပါ။ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ဌာနမှူး ဦးသန်းလွင်ထွန်း ကတော့ ရုံးခန်းဖွင့်လှစ်ပြီး လုပ်ကိုင်နိုင်ဖို့ ကိစ္စအတွက် လိုအပ်တဲ့ ဥပဒေရေးရာ ပြင်ဆင်မှုတွေ ရှိနေသေး တာမို့ လတ်တလောမှာ မဖြစ်နိုင်သေးတဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးက ရှင်းပြတယ်လို့ ပြောပါတယ်။

“VOA ရုံးခန်းဖွင့်ဖို့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ဒီ ဝန်ကြီး ဦးကျော်ဆန်းက ပြောတာက ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ အခု လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ အသံလွှင့်မီဒီယာ ဥပဒေကြမ်းတခုကို တင်သွင်းဖို့ ရှိတယ်၊ အဲဒါက ဇူလိုင်လထဲမှာ ဖြစ်မယ်လို့ သူတို့ ပြောပါတယ်။ အဲတော့ ဇူလိုင်လအတွင်းမှာ ဒီ အသံလွှင့်မီဒီယာဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးလိုက်ပြီးတဲ့အခါကျလို့ ရှိရင်တော့ VOA အပါအဝင် တခြား မြန်မာ့မီဒီယာတွေ အနေနဲ့ ရုံးခန်းဖွင့်ဖို့ ကိစ္စတွေ အတော်လေး တရားဝင် အားဖြင့် ပြေပြေ လည်လည်ဖြစ်သွားမယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ ပြောတဲ့သဘောက ဇူလိုင်၊ သြဂုတ် လ အလွန်ဆုံးပဲပေါ့။ အဲဒီနောက်ပိုင်းမှာတော့ ရုံးခန်းတွေ တရားဝင် ဖွင့်ဖို့ ကိစ္စ တွေက ဖြစ်လာနိုင် ပါတယ်လို့ သူ ပြောပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ခုလောလောဆယ်မှာ ဝန်ကြီးအနေနဲ့ အသေ အချာ ပြောလိုက်တဲ့ VOA သတင်းထောက်တွေ မြန်မာနိုင်ငံထဲကို အကြိမ်ကြိမ် ဝင်ခွင့်ရမယ့် ဗီဇာမျိုး ကို ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့ ထောက်ခံချက်နဲ့ ရရှိအောင် ဆောင်ရွက်ပေးမယ် ဆိုတာလောက်နဲ့ပဲ ကျနော်တို့အနေနဲ့ တော်တော်လေး ကျေနပ်ရမယ်ဆိုတဲ့ သဘော ရှိတာပေါ့။”

ဗွီအိုအေ တာဝန်ရှိသူတွေရဲ့ မြန်မာနိုင်ငံခရီးစဉ် ကြာသပတေးနေ့ အဆုံးမသတ်မီမှာတော့ နိုင်ငံရေး ပါတီတွေနဲ့လည်း ရန်ကုန်မြို့မှာ တွေ့ဆုံ သွားဖို့ ရှိသလို၊ အသံလွှင့်လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံက မီဒီယာ လုပ်ငန်းက သက်ဆိုင်သူတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဦးသန်းလွင်ထွန်း က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အရပ်သား အစိုးရတရပ်အဖြစ် တက်လာပြီးတဲ့နောက် နိုင်ငံရေး အပြောင်း အလဲတွေ နဲ့အတူ သတင်းမီဒီယာ အပေါ် ထိန်းချုပ်မှု တချို့ကိုလည်း လျှော့ပေါ့လာရာမှာတော့ ဗွီအိုအေ အပါအဝင် ပြည်ပသတင်းဌာနတွေရဲ့ အင်တာနက် ဝဘ်ဆိုဒ်တွေကို အရင်က ပိတ်ပင် ထားတာတွေကို လည်း ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG