ပြီးခဲ့တဲ့သီတင်းပတ်က သွားရောက်ခဲ့တဲ့ ထိုင်းခရီးစဉ်အပေါ် ကျေနပ်အားရ မိကြောင်းနဲ့ ထိုင်း-မြန်မာ ဆက်ဆံရေး ပိုကောင်းအောင် ကြိုးစား သွားချင်ပါတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းခရီးစဉ်ဖျက်လိုက်တာကလည်း သူ့ရဲ့ခရီးစဉ်နဲ့ သက်ဆိုင်တယ်လို့ မယူဆတဲ့ အကြောင်း ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
မေလ ၂၉ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး နောက် ဆက်တွဲ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်လို့ရော မကြာခင်မှာ သွားတော့မယ့် ဥရောပခရီးစဉ်တွေ အပါအဝင် အကြောင်းအရာ အတော်များများကို ဇွန်လ ၆ ရက်နေ့က NLD ရုံးချုပ်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ဖြေကြားခဲ့တာပါ။
“ထိုင်းခရီးစဉ်နဲ့ပတ်သက်လို့ကတော့ ကျမအနေနဲ့ကတော့ အင်မတန်မှ ကျေနပ်တယ်လို့ ပြောရမှာပဲ။ ထိုင်းနိုင်ငံသူ၊ နိုင်ငံသားများနဲ့ ထိုင်းအစိုးရက ကျမကို ကြိုဆိုတဲ့နေရာမှာ အင်မတန်မှ နွေးနွေးထွေးထွေး ရှိတယ်။ အားလုံး လိုလေသေးမရှိအောင်လို့ ကျမကို ပြုစုသွားပါတယ်။ သူတို့လုပ်ပေးတဲ့ အစီအစဉ်တွေ ကိုလည်း အားလုံး ကျမ ကျေနပ်ပါတယ်။ အခုဆိုလို့ရှိရင် ဘယ်လိုအစီအစဉ်တွေကို ဘယ် လိုကြောင့် ပြောင်းရတယ်၊ ဘာတယ် ဆိုတာတွေ ပြောနေတဲ့သူတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျမ အနေနဲ့ ထိုင်းအစိုးရက လုပ်ပေးတဲ့အစီအစဉ်ဟာ အင်မတန်မှ အဆင်ပြေတယ်လို့ ထင်ပါတယ်။ အဓိက ကျမ ပြောချင်တာကတော့ ကျမတို့ ထိုင်းနိုင်ငံကို ကျေးဇူးတင်တယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ ပိုပြီးတော့ ဆက်ဆံရေးတွေ ကောင်းသွားအောင်လို့ ကျမအနေနဲ့ ကြိုးစားသွားချင်တယ်။”
ထိုင်းနိုင်ငံခရီးစဉ်ရဲ့ အဓိကအကြောင်းအရာက ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲတွေကို တက်ရောက် ဖို့ဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ ဒုက္ခသည်အရေးတွေကိုလည်း ကျေကျေ နပ်နပ် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ တာတချို့အပေါ် ဒီရက်ပိုင်း အစိုးရသတင်းစာထဲမှာပါတဲ့ ဆောင်းပါးတွေက သွယ်ဝိုက်ပြီး ဝေဖန်ထား တာတွေကို သူလည်း သတိပြုမိပုံရပါတယ်။
“ကျမကတော့ ကျမတို့နိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ကျမမြင်တဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်းပြောခဲ့ တယ်။ တချို့ကလည်း ဒါကို သိပ် မကျေနပ်ဘူးလို့ ကျမ ကြားပါတယ်။ ဒါပေမဲ့ ကျမ ပြောခဲ့တဲ့ ကိစ္စတွေ အားလုံးဟာ ကျမမြင်တဲ့အတိုင်း ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနေအထားဟာ အခု ဘယ်လို အနေအထားမှာ ရှိနေပြီလဲဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင် မှ ပြုပြင် ပြောင်းလဲရေး ခြေလှမ်းတွေကို မှန်မှန်ကန်ကန် ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမကတော့ ပွင့်ပွင့်လင်းလင်းနဲ့ ကျမမြင်တဲ့အတိုင်းပဲ ပြောခဲ့တာပါ။”
သတင်းစာပါဆောင်းပါးတွေကို တိုက်ရိုက် တုန့်ပြန်ပြောဆိုဖို့တော့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းခဲ့ပါ တယ်။
သမ္မတဦးသိန်းစိန်ကိုယ်တိုင်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နဲ့ တချိန်တည်းမှာပဲ ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ဖို့နဲ့ ထိုင်းနိုင်ငံ ခရီးစဉ်တွေ ရှိခဲ့တာဖြစ်ပေမဲ့ နှစ်ခုလုံးကို ဖျက်ပစ်ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာဘာသာနဲ့ ဖြေကြားတာမှာ ခရီးစဉ် ဘာ့ကြောင့်မဖြစ်သလဲ ဆိုတာ သူမသိသလို သမ္မတကိုယ်တိုင် ဖြေရမယ့်မေးခွန်းတွေသာဖြစ်တယ်လို့ ဖြေဆိုခဲ့ပေမဲ့ ထိုင်းသတင်းထောက် တယောက်ရဲ့အမေးကို အင်္ဂလိပ်ဘာသာနဲ့ ပြန်ဖြေကြားတာမှာတော့ -
“မြန်မာနိုင်ငံက တယောက်ယောက် မပျော်မရွှင်ဖြစ်အောင် တခုခုလုပ်ခဲ့တယ်လို့ ကျမ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမ လုပ်ခဲ့တာက ရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့တာ၊ အဲဒီကိစ္စအတွက် တာဝန်ရှိတဲ့ ထိုင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပြီး နှစ်ဘက် အကျိုးရှိစေမယ့်ကိစ္စရပ်တွေကို ကျမတို့ ဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုပဲ မယ်လစခန်းမှာ ဒုက္ခသည်တွေနဲ့ သွားတွေ့ခဲ့တာမှာလည်း အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးပွဲတွေ ကျမတို့လုပ်ခဲ့ပါတယ်။ ကျမလုပ်ခဲ့တာတွေဟာ မြန်မာလူထုကို တနည်းနည်း နဲ့ ပြောင်းပြန် အကျိုးသက်ရောက်စေမယ်လို့ ကျမ မထင်ပါဘူး။ ကျမတွေ့ခဲ့ရတာက ထိုင်းတာဝန်ရှိသူတွေ နဲ့ ထိုင်းလူထုက ဘယ်လောက်နားလည်မှုရှိပြီး ဘယ်လောက်ပူးပေါင်းဆောင်ရွက်မှု ရှိတယ် ဆိုတာပါပဲ။”- လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ ရှန်ဂရီလာ လုံခြုံရေး ဆိုင်ရာဆွေးနွေးပွဲမှာ သင့်လျော်တဲ့ အချိန်တခု ရောက်ရင် နိုင်ငံရေးမှာ တပ်မတော်ရဲ့အခန်း ကဏ္ဍကို လျှော့ချသွားမယ်ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး အဲဒီကိစ္စကို ဆွေးနွေးဖို့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းအနေနဲ့ သူတို့ကို ထမင်းခေါ်ဖိတ်ကျွေးဖို့ ကမ်းလှမ်းပြီးတော့ ကြိုဆိုစကားဆိုခဲ့ပါတယ်။
“ကျမက တပ်မတော်နဲ့အမြဲပဲ လက်တွဲပြီးတော့ လုပ်ချင်တယ်။ ကျမတို့ တပ်မတော်အတွက်ရော၊ ကျမတို့နိုင်ငံအတွက်ရော၊ ကျမတို့ နိုင်ငံရေးသမားတွေ အတွက်ရော သိက္ခာရှိမယ့် ခြေလှမ်းတွေကို အတူတူ လက်တွဲပြီးတော့ လှမ်းချင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၃ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ဆီ ထွက်ခွာပြီး ဥရောပခရီးစဉ်ကို စတင်မှာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့၊ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့နဲ့ ဗြိတိန်နိုင်ငံတို့ဆီ ခရီးဆက်မှာဖြစ်ပြီး အသေးစိတ်အစီအစဉ်တွေကို နောက်ပိုင်းမှာ အတိအကျထုတ်ပြန်ပါ့မယ်လို့ ပြောခဲ့ပါတယ်ခင်ဗျား။