သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမူဆလင် အဓိကရုဏ်း ထိခိုက်မှုတချို့ရှိ


ရခိုင်ပြည်နယ်အနောက်ဘက် မောင်တောမြို့မှာ အစ္စလာမ်ဘာသာဝင်တချို့ရဲ့ အကြမ်းဘက်ဆူပှုကြောင့် ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရသွားပါတယ်။ လူနေအိမ်တချို့လည်း ပျက်စီး မီးလောင် သွားခဲ့ပါတယ်။ ပြည်နယ်ကွပ်ကဲရေးရုံးက VOA ကို ပြောပြချက်အရဆိုရင် အခုတော့ အခြေအနေကို ထိန်းထားနိုင်ပြီလို့ ဆိုပါတယ်။ ဒီကနေ့ မောင်တောမြို့မှာ ဖြစ်ခဲ့တဲ့ အခြေအနေနဲ့ နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေကို စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီကနေ့ ဇွန်လ ၈ ရက်၊ သောကြာနေ့ နေ့လည်က မောင်တောမှာဖြစ်ခဲ့တဲ့ အကြမ်းဘက်မှုတွေက ဒီကနေ့ ညနေပိုင်းထိသတင်းကတော့ သေဆုံးတဦး ဒဏ်ရာရသူ ၄ ဦးအထိ ရှိခဲ့ပါတယ်။ ဒီပြဿနာတွေ အတွင်း နေအိမ်နဲ့တည်းခိုခန်းအပြင် ဗီဒိုယိုရုံတွေအပါအဝင် ၁၈ အိမ်လောက် မီးလောင်ပျက်စီးတာတွေ လည်း ဖြစ်ခဲ့ပါတယ်။ အခု ညနေပိုင်းမှာတော့ နောက်ထပ် ဒီလို ပြဿနာတွေ ထပ် မဖြစ်ရအောင် ဒေသဆိုင်ရာ လုံခြုံရေးတွေက ထိန်းထားတယ်ဆိုတဲ့ နောက်ဆုံးအခြေအနေကိုတော့ ရခိုင်ပြည်နယ်ကွပ်ကဲရေးရုံးက ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်ကပြောပါတယ်။

“အခုနောက်ပိုင်း အခြေအနေကတော့ ကောင်းသွားပြီလို့ သိရပါတယ်။ ကျနော်တို့ဆီမှာ တိုင်းရင်းသားက ဆရာဝန် ဓားထိုးခံရတဲ့သတင်းလောက်ပဲ ရှိပါတယ်ခင်ဗျ။ သူကတော့ ဝမ်းဗိုက်မှာ အထိုးခံရတယ်၊ ဆေးရုံမှာ ဆေးကုသဆဲရှိတယ်။ အဲလောက်ပဲ သိပါတယ်ခင်ဗျ။ လောလောဆယ် သတင်းရတာတော့ ဒေါက်တာခင်မောင်လတ်ရယ်၊ သူ့အမျိုးသမီးရယ်နဲ့ စုစုပေါင်း လေးယောက် ဒဏ်ရာရထားတာတော့ ရှိတယ်။ တိုင်းရင်းသားထဲက ဓားထိုးဒဏ်ရာနဲ့ ဆုံးသွားတာ တယောက်ပဲ ရှိပါသေးတယ်။ အခုတော့ အခြေအနေ ထိန်းထားနိုင်ပါပြီခင်ဗျ။”

ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး တိုက်ခိုက်မှုတွေအထိ ဖြစ်နေတဲ့ ဒီအခြေအနေတွေကိုထိန်းနိုင်ဖို့ လုံခြုံရေး အဖွဲ့တွေက သေနတ်ကို မိုးပေါ်ထောင် ပစ်တာနဲ့ မီးသတ်ပိုက်သုံးပြီး လူစုခွဲထားတွေ လုပ်ခဲ့ပေမဲ့ လူစုလူဝေးထဲ သေနတ်နဲ့ပစ်တာမျိုး၊ သေနတ်ဒဏ်ရာရသွားတာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။

“ကျနော်တို့ဆီမှာ ပစ်တယ်၊ ခတ်တယ်ဆိုတာတော့ မရှိသေးပါဘူး။ တခုတော့ရှိတာပေါ့။ လူစုကွဲအောင်လို့ မီးသတ်ကားနဲ့ရေပက်တာတို့၊ မိုးပေါ်ထောင်ဖောက်တာတို့ အဲလောက်တော့ ရှိတာပေါ့။ အိမ်မီးလောင် တာတွေ ငြိမ်းတာလေ။ အဲလောက်တော့ ရှိပါတယ်။ လူထုကို တည့်တည့်ပစ်ခတ်တာတော့ မရှိပါဘူးဗျ။ တယောက်နဲ့တယောက် ခုတ်ကြ၊ ဖြတ်ကြတာ ဒဏ်ရာရတဲ့လူလည်း ရှိပါတယ်။ သူတို့ဘက်က ဒဏ်ရာ ရတာတော့ ကျနော်တို့မှာ မသိနိုင်သေးဘူးဗျ။”

ရခိုင်ပြည်နယ်ကွပ်ကဲရေရုံးက ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က မောင်တောက နောက်ဆုံး အခြေအနေတွေ ပြောပြခဲ့တာပါ။ ဒီပြဿနာဟာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ အခြေအနေပေါ် အခြေခံပြီး သောကြာနေ့မို့ ဗလီဘုရားကျောင်းကနေ ဝတ်ပြုပြီး ဆင်းလာကြတဲ့ မူဆလင်တချို့ရဲ့ မကျေနပ်မှုတွေက စခဲ့တာဖြစ်တယ်လို့လည်း ပြောပါတတယ်။

မကျေမနပ်ဖြစ်နေကြတဲ့ မူဆလင်တချို့ဟာ ရခိုင်တိုင်းရင်းသားတွေပိုင်တဲ့ အိမ်တွေ၊ ဆိုင်တွေကို စပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တိုက်ခိုက်ဖျက်ဆီးတာခံလိုက်ရတဲ့ မောင်တော United တည်းခိုခန်းပိုင်ရှင် ဦးစံရွှေကလည်း ပြောပြပါတယ်။

“၁၂ နာရီခွဲလောက်မှာ ဆုတောင်းပွဲကအပြန်မှာ သွားဖြစ်တယ်။ လူအုပ်ကြီးကများတော့လည်း သွေးက နည်းနည်းပါးပါး ကြွလာတယ် ထင်ပါတယ်။ အဲဒါနဲ့ လမ်းကနေပြီးတော့မှ ဆီတွေ၊ ခဲတွေနဲ့ ပထမ United တည်းခိုခန်းကို စပြီးတော့ ခဲနဲ့ထုတာပေါ့။ ပြီးတာနဲ့ တည်းခိုခန်း ပိုင်ရှင်အိမ်ကို ထုတယ်။ လူအုပ်က များလာတော့ လမ်းမှာအပြည့်ပေါ့လေ- ကျနော်တို့အိမ်ရော တဆက်တည်းဆိုတော့ အိမ်ရော ပါသွားတာပေါ့။ အဲဒီကမှတဆင့် ဒီဘက် ဗိုလ်မှူးရွာမှာ ဒီဘက်က သဇင်တည်းခိုခန်းကို မီးရှို့တယ်။ ပြီးတာနဲ့ ဘေးနားကအိမ်ကို ဖျက်ဆီးတယ်။

နောက်ပြီးတော့ ဗိုလ်မှူးရွာအတွင်းမှာရှိတဲ့အိမ် ၇ လုံးလောက် မီးရှို့ပစ်တယ်။ ကျနော်ထင်တာ ကတော့ တောင်ကုတ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ မကျေမနပ်ဖြစ်တာ ထင်ပါတယ်။ ဒေသခံတွေ ကကျတော့ စိုးရိမ်တာပေါ့။ တိုင်းရင်းသား ဒေသခံတွေက လူနည်းစု ၃၀၀ ကျော်လောက်ပဲ ရှိတာကို။ အခု ရဲတပ်ရင်း (၂) ကနေပြီးတော့မှ လုံခြုံရေးအင်အား ၁၅၀ လောက်နဲ့ နေရာ သုံးနေရာခွဲပြီး နေရာချ ထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဖြစ်တဲ့အချိန်ကတော့ သူတို့က မရှိဘူးလေ။ နေရာက လှမ်းနေတော့လည်း အချိန်မမီဘူးပေါ့။ အဲဒါ မီးရှို့တဲ့အချိန်မှာလည်းပဲ ဘာမှတော့ လုပ်လို့ မရဘူးပေါ့လေ။ နောက်တခါ ကျနော်တို့ ဒီဘက်မှာ ညနေ သုံးနာရီကျော်ကျော်လောက်မှာကျတော့ အနားမှာရှိတဲ့ ရခိုင်ရွာမှာလည်း ရခိုင်အိမ် ၄ လုံး ဗွီဒီယို ရုံတရုံ မီးရှို့ပစ်တယ်။”

ဒါကတော့ မောင်တောမြို့ခံ ဦးစံရွှေက ပြောပြခဲ့တာပါ။ အခုညပိုင်း နောက်ဆုံးအထိတော့ အခြေအနေတွေဟာ တည်ငြိမ်နေပြီဖြစ်ပြီး မောင်တော မြို့တဝိုက်မှာတော့ လုံခြုံရေးတွေ ချထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့၊ ကျောက်နီမော်ရွာမှာ မလ ၂၈ ရက်နေ့က မသီတာထွေးကို လူငယ်သုံးဦးက ပစ္စည်းလုယူ၊ အဓမ္မပြုကျင့်ပြီးတော့ အကြမ်းဘက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကနေ အခုလို ပြဿနာတွေ စခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၃ ရက်နေ့က တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ စီးလာတဲ့ကားကို လူတစုက အကြမ်းဘက် တားဆီးပြီး ရိုက်နှက်သတ်ဖြတ်ခဲ့တာကြောင့် ကားပေါ် ပါလာတဲ့ လူ ၁၀ ဦး သေဆုံးခဲ့တဲ့အထိ နောက်ဆက်တွဲဖြစ်ခဲ့ပြီးတဲ့နောက် အခုတကြိမ် မောင်တော မှာ ပြဿနာတွေ ထပ်ဖြစ်ခဲ့တာပါ။ အစိုးရကတော့ ရခိုင်ပြည်နယ်ထဲ မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေ ရဲ့ ဖြစ်ရပ်မှန်ကို ဖော်ထုတ်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ကို ဇွန်လ ၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

နောက်ဆုံးရတဲ့ သတင်းအရ မောင်တောနဲ့ ဗူးသီးတောင် မြို့ပေါ်ရပ်ကွက်တွေမှာ ပုဒ်မ ၁၄၄၊ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

XS
SM
MD
LG