သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ပြောင်းလဲရေး မြောက်ကိုရီးယား အတုယူသင့်


မြောက်ကိုရီးယားအနေနဲ့ မြန်မာနိုင်ငံက ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲနေတဲ့ အခြေအနေတွေကို အတုယူသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာသံအမတ်က ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ Pyongyang နျူကလီးယားအစီအစဉ်ကို နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ IAEA အဖွဲ့ကြီးကို ၀င်ရောက် စစ်ဆေးခွင့်ပြုမယ်ဆိုရင် အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်ဖြစ်မှာဖြစ်တယ်လို့ သောကြာနေ့က တိုကျိုမြို့မှာ မစ္စတာ Robert King က သတင်းထောက်တွေနဲ့တွေ့ဆုံတဲ့အချိန် ပြောသွားတာပါ။

မြောက်ကိုရီးယားအနေနဲ့ မြန်မာနိုင်ငံကို နမူနာယူပြီး ပြုပြင်ပြောင်းလဲတာမျိုး အမေရိကန်ပြည်ထောင်စု အနေနဲ့ မြင်လိုတယ်လို့ သူက ပြောတာပါ။ မြန်မာနိုင်ငံမှာ အတိုက်အခံပါတီတွေကို လွှတ်တော်ထဲမှာ ၀င်ခွင့်ပြုပြီး ပြုပြင်ပြောင်းလဲမူလုပ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူထားတာတွေကို အမေရိကန်က ရုပ်သိမ်းလိုက်ပါတယ်။

ဒီလိုမျိုး အကောင်းဘက်ကိုဦးတည်တဲ့ တိုးတက်မှုမျိုး မြောက်ကိုရီးယားမှာ ဖြစ်လာမယ်လို့ မျော်လင့်တဲ့ အကြောင်း သူကပြောပါတယ်။ စားနပ်ရိက္ခာအကူအညီတွေပေးဖို့အတွက်ကတော့ လောလောဆယ် မဖြစ်နိုင်သေးပေမယ့် အနာဂတ်မှာတော့ ဖြစ်နိုင်ခြေရှိတယ် ဒီ ထောက်ပံ့မှုဟာ တကယ်လိုအပ်တဲ့ ပြည် သူတွေဆီကို ရောက်မရောက်ဆိုတာကို စောင့်ကြည့်နိုင်ခြင်းမရှိသေးဘူးလို့လည်း မစ္စတာ Robert king ကပြောသွားတာပါ။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကောင်းဘက်ကို ဦးတည်တဲ့ တိုးတက်မှုမျိုး မြောက်ကိုရီးယားမှာ ပေါ်ပေါက် လာမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာနိုင်ငံကို ကြိုဆိုသလိုမျိုး တုံ့ပြန်မှာဖြစ်တယ်လို့ မစ္စတာ Robert King ကပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲတွေကို သင်္ခန်းစာယူပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ၀င်ဆန့်လာအောင် လုပ်ဆောင်ဖို့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘက်ခ်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ တောင်ကိုရီးယားကျဆုံးသွားတဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့အခမ်းအနား တစ်ခုမှာ တိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။

XS
SM
MD
LG