သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးအတွက် ပါကစ္စတန်နယ်စပ်လမ်း ညှိနှိုင်းမှု မအောင်မြင်

အာဖဂန်နစ္စတန်နိုင်ငံထဲကို မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ NATO ရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ဖို့ ပါကစ္စတန်အစိုးရနဲ့ သဘောတူညီချက်ရဖို့ကိစ္စ အောင်မြင်မှုမရခဲ့တဲ့နောက်ပိုင်း အမေရိကန်စစ်တပ်က စေ့စပ်ညှိနှိုင်းသူတွေကို ပါကစ္စတန်နိုင်ငံထဲကနေ ပြန်ပြီး ထွက်ခွာခိုင်းခဲ့ပါတယ်။ စေ့စပ် ညှိနှိုင်းရေးမှူးတွေဟာ ပါကစ္စတန်နိုင်ငံထဲမှာ သီတင်း ၆ ပတ်ကြာ နေထိုင်ခဲ့ကြတယ်လို့ သတင်းထောက်တွေကို Pentagon စစ်ဌာနချုပ်ပြောခွင့်ရသူ George Little က ပြောဆိုပါတယ်။

ထောက်ပံ့ရေးလမ်းကြောင်းဖွင့်ဖို့ သဘောတူညီချက်မရတော့တာမို့ စေ့စပ်ညှိနှိုင်းရေးမှူးတွေကို ပြန်ခေါ်ခဲ့ရ တာဖြစ်တယ်လို့ သူကပြောပါတယ်။ ပါကစ္စတန်အစိုးရက အမေရိကန်ထိပ်တန်း ကာကွယ်ရေးအရာရှိကြီး Peter Lavoy ကို ပါကစ္စတန် ကာကွယ်ရေးဦးစီးချုပ် Ashfaq Kayani နဲ့ တွေ့ဆုံခွင့်ပေးဖို့ ငြင်းပယ်ခဲ့ပြီး နောက်ပိုင်းမှာ ခုလိုဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံဘက်ကမှားယွင်းပြီး လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် အာဖဂန်နစ္စတန် နယ်စပ်နားမှာ ပါကစ္စတန်တပ်ဖွဲ့ဝင် ၂၄ ယောက်အသက်ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း NATO ထောက်ပံ့ရေး လမ်းကြောင်းကို ပါကစ္စတန်နိုင်ငံဘက်က ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုအတွက် တောင်းပန်ရမယ်လို့ ပါကစ္စတန်အစိုးရဘက်ကတောင်းဆိုခဲ့ပေမဲ့ အမေရိကန်နိုင်ငံဘက်က ဝမ်းနည်းကြောင်းပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုက အမေရိကန်နိုင်ငံနဲ့ အနာဂါတ်ဆက်ဆံရေးကိစ္စကို ပြန်သုံးသပ်ဖို့ ပါကစ္စတန်အစိုးရကို သတိပေး လိုက်သလို ဖြစ်သွားခဲ့ပြီး ပါကစ္စတန်နယ်နမိတ်ထဲမှာ အဝေးထိန်း ဒုံးယာဉ်နဲ့ တိုက်ခိုက်မှု အဆုံးသတ်ဖို့ ဥပဒေပြု အမတ်တွေက တောင်းဆိုကြပါတယ်။

This item is part of
XS
SM
MD
LG