သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေး၀န်ကြီးချုပ်နဲ့ ဒေါ်စု ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်


နော်ဝေးမြို့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေးဝန်ကြီးချုပ် Jens Stoltenberg (ဂျွန်လ ၁၅ ရက်၊ ၂၀၁၂။)
နော်ဝေးမြို့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေးဝန်ကြီးချုပ် Jens Stoltenberg (ဂျွန်လ ၁၅ ရက်၊ ၂၀၁၂။)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အမျိုးသားပြန်လည် သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိနှိုင်းဖြတ်ကျော်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မနေ့က နော်ဝေးနိုင်ငံကို ရောက်ရောက်ချင်း နော်ဝေး၀န်ကြီးချုပ် Jens Stoltenberg နဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှရှိလိမ့်အုံးမယ်လို့လည်း သတိပေးပြောဆိုပါတယ်။ သတင်းစာ ရှင်းလင်းပွဲ အကြောင်း ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။

လွန်ခဲ့တဲ့အနှစ် ၂၀ ကျော် နိုဗယ်ငြိမ်းချမ်းရေးဆုနဲ့ Rufto လူ့အခွင့်အရေးဆုတွေ ချီးမြှင့်ခဲ့ကြတဲ့ အချိန် ကတည်းက နော်ဝေးပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းခဲ့ကြတာပါဆိုပြီး နော်ဝေနိုင်ငံ ဝန်ကြီးချုပ် Jens Stoltenberg က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါတယ်။ အခု ကိုယ်တိုင်ရောက်လာ တာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် နှစ်ရှည်လများ ရုန်းကန်ကြိုးစား ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထုတ်မှုတွေ အရာထင်လာပြီဆိုတာကို ပြသလိုက်တာလို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲတွေနဲ့ ပတ်သက်လို့လည်း သူက အခုလို ပြောပါတယ်။

“မြန်မာပြည်မှာ အရှိန်အဟုန်နဲ့ အပြောင်းအလဲတွေ ပေါ်လာနေပြီဆိုပေမယ့်လည်း လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အာဏာရှင်စနစ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အတိတ်မှာချန်ထားနိုင်ခဲ့ဘို့ဆိုတာ ပြည်သူတွေအတွက် အချိန်ယူရပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့ ပကတိအနေအထားကို သိမြင်ဖို့လိုပါတယ်။ ရရှိပြီးသား တိုးတက်လာတဲ့ ဖြစ် စဉ်တွေ နောက်ကြောင်းပြန် မလှည့်ဖို့ လိုပါတယ်။”

ဒီလိုအခြေအနေတွေ နောက်ကြောင်းပြန်လှည့်မသွားဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အပြောင်း အလဲတွေ ဖော်ဆောင်နေတဲ့ သူတွေကို အားပေးထောက်ခံပြီး တက်တက်ကြွကြွ ထိတွေ့ဆက်ဆံဖို့ လိုမယ် လို့ နော်ဝေး၀န်ကြီးချုပ်က ပြောပါတယ်။ နော်ဝေဂျီယံ စီးပွားရေး ကုမ္မဏီတွေကို မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံကြဖို့ နော်ဝေး ဝန်ကြီးချုပ်က ပြော ဆိုပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

နော်ဝေး၀န်ကြီးချုပ် ပြောတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှ ရှိလိမ့်အုံးမယ်ဆိုတာကို ပြောဆိုပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိညှိနှိုင်းနှိုင်း ဆောင် ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နော်ဝေးစီးပွားရေး ကုမ္မဏီတွေနဲ့ ပတ်သက်လို့-

“လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် အထောက်အကူပြုစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ကျမတို့ လိုချင်ပါ တယ်။ ဘယ်လို ရင်းနှီးမြှုပ်နှံမှု မျိုးပဲလုပ်လုပ် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမျိုး ဖြစ်ရပါ လိမ့်မယ်။ အစိုးရက ဘာလုပ်မယ် မလုပ်ဘူးဆိုတာတွေကို နှစ်ဘက် ရှင်းရှင်းလင်းလင်း စာချုပ်စာတမ်းမှာ ထည့်သွင်းရပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှုတွေဟာ အစိုးရက စီးပွားရေး ထိမ်းချုပ်မှုကို ပိုပြီး အားဖြည့်တာ မျိုးထက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးအားကောင်းအောင် မြေတောင်မြှောက်ပေးနိုင်မယ့် လုပ်ငန်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။”

နိုဗယ်ငြိမ်းချမ်းရေးဆုကို လက်ခံယူဖို့ ပြင်ဆင်ထားတဲ့ မိန့်ခွန်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ သူဖြတ်သန်းခဲ့တဲ့ ဘ၀ ကို ထင်ဟပ်တဲ့ မိန့်ခွန်းတခု ဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံတကာ ခရီးစဉ်အတွင်း နိုင်ငံတွေရဲ့ လက်ခံကြိုဆို အားပေးထောက်ခံမှုတွေ ကြောင့် လက်ရှိသမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးမှာ လာပြီး ထိခိုက်နိုင်မယ် ထင်ပါသလားလို့ သတင်းထောက်တွေက မေးခဲ့ကြပါတယ်။

“ကျမ နိုင်ငံခြားကို ခရီးထွက်တာနဲ့ ပတ်သက်လို့ ကန့်ကွက်သင့်တဲ့ ခိုင်လုံတဲ့အကြောင်း ရှိမယ်လို့ ကျမမမြင် မိပါဘူး။ လက်ခံတဲ့နိုင်ငံတွေ ဘယ်လို ကြိုဆိုကြတယ်ဆိုတာကလည်း သက်ဆိုင်ရာနိုင်ငံတွေအပေါ်မှာ မူတည် ပါတယ်။ ဒီမိုကရေစီကို ကျမတို့ ယုံတယ်။ နိုင်ငံတခုချင်း စီရဲ့ အချုပ်အခြာကို ကျမတို့ယုံတယ်။ သက်ဆိုင် ရာနိုင်ငံတွေက သူတို့မှန်တယ်ထင်တဲ့ပုံစံနဲ့ ကျမကို ကြိုဆိုမှာပါ။ ဒါသူတို့ သဘောပါ။ ဒါကို သမ္မတ ဦးသိန်းစိန် အနေနဲ့ရော၊ အစိုးရအဖွဲ့နဲ့ စစ်တပ်အနေနဲ့ပါ ကန့်ကွက်စရာရှိမယ်လို့ ကျမ လုံး၀ မမြင်မိပါဘူး။ တခြားနိုင်ငံတွေ က ကျမနဲ့ ကျမပါတီအပေါ် သဘောထားနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ စိုးရိမ်စရာလည်း မရှိပါဘူး။ ကျမတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်ချင်တယ် ဆိုတာ ပြောထားပြီးသားပါ။”

သတင်းထောက်တယောက်က သူ့ရဲ့အမေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ဆိုပြီး သုံးနှုန်းသွားတာကို သူက ငြင်းဆိုသွားပါတယ်။ သူနဲ့ NLD ဟာ စစ်တပ်ကို ဂုဏ်သိက္ခာ ရှိရှိ၊ ပြည် သူတွေ ချစ်ခင်လေးစားတဲ့ တပ်မတော်သားကောင်းတွေ ပီပီ ရပ်တည်တာကို တွေ့လိုတဲ့ အကြောင်း၊ ဒီလို ရပ်တည် တာဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို တိုင်းပြည်မှာရှိတဲ့ လူငယ်တွေ လည်း လက်ခံယုံကြည်ထားတဲ့ အကြောင်း ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တနေ့နေ့တချိန်ချိန် နော်ဝေးကို အခုလို ရောက်လာမယ်ဆိုတာ တကယ်ပဲ ယုံကြည်ခဲ့ပါသလားလို့ သတင်းထောက်တယောက်က မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒါကို အမြဲ တစေ ယုံကြည်ခဲ့တဲ့အကြောင်း၊ ဒါကြောင့်လည်း နော်ဝေး နိုင်ငံကို ပထဆုံးသွားချင်တယ်လို့ သူပြောခဲ့တဲ့ အကြောင်း ပြန်ဖြေသွားပါတယ်။ ကျမတော့ ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူး။ ရှင်ရော မယုံမကြည်ဖြစ် ခဲ့မိလား။ ရှင်က မယုံခဲ့လို့လားဆိုပြီး သတင်းထောက်ကို ပြန်မေးခွန်းထုတ်သွားပါတယ်။

XS
SM
MD
LG