သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ယာလန်လူထုနဲ့ ဒေါ်စုတွေ့ဆုံ


နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှာပေးသော Ambassador of Conscience award (ယုံကြည်မှုဆိုင်ရာ သံတမန်ဆု) ကို အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တွင် လက်ခံရယူစဉ်။ (ဂျွန်လ ၁၈ ရက်၊ ၂၀၁၂။)
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှာပေးသော Ambassador of Conscience award (ယုံကြည်မှုဆိုင်ရာ သံတမန်ဆု) ကို အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တွင် လက်ခံရယူစဉ်။ (ဂျွန်လ ၁၈ ရက်၊ ၂၀၁၂။)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အိုင်ယာလန်နိုင်ငံ Dublin မြို့တော် ကို ရောက်ရှိပြီး အဲဒီမှာ အရင်တုန်းက ချီးမြှင့်ခံခဲ့ရတဲ့ Dublin မြို့တော်ရဲ့လွတ်မြောက်ရေး ဆုနဲ့ Amnesty International နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ Ambassador of Conscience ယုံကြည်မှုဆိုင်ရာ သံတမန်ဆုတွေကို ကိုယ်တိုင်လက်ခံယူခဲ့ပါတယ်။

မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်ယာလန်ခရီးစဉ်ကို ကိုသားညွန့်ဦးက အနှစ်ချုပ်ပြီး တင်ဆက်ပေး ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ U2 အဆိုတော် Bono ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ အိုင်ယာလန်နိုင်ငံ ကို နော်ဝေးနိုင်ငံက တဆင့် ရောက်ရှိလာတာဖြစ်ပါတယ်။ လေဆိပ်မှာတော့ အန်ယာလန်နိုင်ငံခြားရေးဝန်ကြီး Eamon Gilmore ကိုယ်တိုင် လာရောက်ကြိုဆိုပါတယ်။ အိုင်ယာလန်နိုင်ငံသားတွေနဲ့အတူ အိုင်ယာလန်ရောက် မြန်မာတိုင်းရင်းသားအချို့လည်း လာရောက်ကြိုဆိုကြပါတယ်။

ရောက်ရှိပြီးတော့ မကြာခင်မှာပဲ အိုင်ယာလန်သမ္မတ Michael D Higgins နဲ့ မိနစ် ၂၀ ကြာလောက် တွေ့ဆုံပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပြီး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကိုယ်တိုင် သိရှိကြားရတဲ့အတွက် အလွန်တရာကျေနပ်မိတယ်လို့ အိုင်ယာလန် သမ္မတက ပြောခဲ့ပါတယ်။

အိုင်ယာလန်လေဆိပ်ကို ရောက်ရောက်ချင်းမှာလည်း နိုင်ငံတကာက မြန်မာ့ဒီမိုကရေစီရေးကို ကူညီခဲ့တာတွေ အတွက် ကျေးဇူးတင်ကြောင်းနဲ့ အဲဒီလို ထောက်ခံ ကူညီမှု တွေဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အများကြီး ထိရောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါသေးတယ်။

ညနေပိုင်းမှာတော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ Ambassador of Conscience ယုံကြည်မှု ဆိုင်ရာ သံတမန်ဆုကို ကိုယ်တိုင်လက်ခံယူပါတယ်။ ဒီဆုကို ၂၀၀၉ ခုနှစ်က ချီးမြှင့်ခဲ့တာဖြစ်ပေမယ့် အကျယ်ချုပ် ကျခံနေရတဲ့အတွက် ကိုယ်တိုင်မယူနိုင်ခဲ့ပါဘူး။

အဲဒီတုန်းက U2 အဖွဲ့ဖျော်ဖြေပြီး ဆုကို ကြေညာခဲ့သလို ဒီနေ့မှာလည်း U2 အဆိုတော် ဘိုနိုကိုယ်တိုင် ဆုကို ချီးမြှင့်ပေးပြီး Electric Burma ဆိုတဲ့ သုံးနာရီကြာ တေးဂီတဖျော်ဖြေပွဲကိုပြုလုပ်ပါတယ်။

အဲဒီနောက် Dublin မြို့လယ် Grand Canal Square ရင်ပြင်မှာ Dublin မြို့တော်ရဲ့ ဂုဏ်ထူးဆောင် လွတ်မြောက်ရေးဆု ချီးမြင့်ပွဲလုပ်ပါတယ်။ ဒီဆုဟာလည်း လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်က ချီးမြှင့်ခဲ့တာဖြစ်ပြီး အဲဒီတုန်းကတော့ သားဖြစ်သူ ကင်က လက်ခံယူခဲ့တာပါ။ လေဟာပြင်မှာလုပ်တဲ့ အဲဒီ ဂီတ ဖျော်ဖြေပွဲ ကို ထောင်နဲ့ချီတဲ့ အိုင်ယာလန်ပြည်သူတွေရော ဥရောပနေ မြန်မာတိုင်းရင်းသားတွေပါ လာရောက် ခဲ့ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ…. ”

ဆုကိုတော့ Dublin မြို့တော်ဝန် Andrew Montague ကိုယ်တိုင် ချီးမြှင့်တာပါ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အိုင်ယာလန်ပြည်သူတွေ ဝိုင်းဝန်းလုပ်ဆောင်ခဲ့သလို ဆက်ပြီးတော့ မြန်မာ့ အရေး ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား - ခင်ဗျားလွတ်မြောက်လာတာဟာ ခင်ဗျားရဲ့တိုင်းပြည်အတွက် သိသာ ထင်ရှားတဲ့ တိုးတက်မှုခြေလှမ်း တရပ်ဖြစ်ပါတယ်။ လွတ်လပ်ပြီး ဒီမိုကရေစီပြည့်ဝတဲ့ မြန်မာနိုင်ငံတော် ဆိုတာဖြစ်လာဖို့ဆိုရင် ပြောင်းလဲမှုတွေ လွတ်လပ်မှုတွေအတွက် ဒီထက်ပိုလုပ်စရာတွေ ရှိပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ကျန်ရှိနေပါသေးတယ်။ ဒီလူတွေ လွတ်မြောက်လာဖို့ ဆက်ပြီး လှုပ်ရှားသွားရပါဦးမယ်၊ အိုင်ယာလန်ပြည်သူတွေဟာ ခင်ဗျားနဲ့အတူ ရပ်တည်နေပါတယ်။”

ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ် မွေးနေ့ဖြစ်တာမို့လို့ မနေ့က အဲဒီ အန်ယာလန်လူထုနဲ့ လုပ်တဲ့ ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ဆုတောင်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အိုင်ယာလန်ပြည်သူတွေရဲ့ အခုလို ရပ်တည်မှုအတွက် အလွန်တရာကျေးဇူးတင်ကြောင်း အိုင်ယာလန် လူထုကို ပြောသွားပါတယ်။

“ကျမဘဝမှာ မေ့လို့မရတဲ့နေ့တွေထဲမှာ ဒီနေ့လည်း ပါဝင်ပါတယ်။ အိုင်ယာလန်နိုင်ငံရဲ့ နွေးနွေးထွေးထွေး ကြိုဆိုမှုကြောင့် အိုင်ယာလန် ပြည်သူတွေနဲ့ တသားတည်းရှိခဲ့ပါတယ်။ ကျမ ရင်ထဲ အသည်းထဲကနေ ကျေးဇူး အထူးတင်မိပါတယ်။ ကျမတို့ အခက်အခဲ ရင်ဆိုင်နေ ရချိန်မှာ ရှင်တို့က ရပ်တည်ပေးခဲ့တယ်။ ဒီ အခက်အခဲ ပြဿနာတွေ အခုအချိန်မှာ အားလုံး ပြေပျောက်သွားသေးတာမဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့နဲ့ အတူ ဆက်ပြီး ရပ်တည်ပေးမယ်လို့ အပြည့်ယုံကြည်ပါတယ်။”

၂၄ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၇ ရက်ကြာ ပထမဆုံး ဥရောပခရီးစဉ်အတွင်း အိုင်ယာလန်နိုင်ငံ ကို မနေ့က ရောက်ရှိနေတာ ဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံပြီးရင်တော့ ဗြိတိန်ကို ခရီးဆက်ဖို့ရှိပြီး အဲဒီမှာတော့ ဗြိတိန်လွှတ်တော်ထဲ မိန့်ခွန်းပြောဖို့ ရှိနေပါတယ်။ ဒါပြီးရင်တော့ ပြင်သစ်နိုင်ငံကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

XS
SM
MD
LG