သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ဒ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံ


Houston Rockets basketball player Jeremy Lin (2nd R) holds a giant panda at Chengdu Research Base of Giant Panda Breeding in Sichuan province, China.
Houston Rockets basketball player Jeremy Lin (2nd R) holds a giant panda at Chengdu Research Base of Giant Panda Breeding in Sichuan province, China.

ဥရောပခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံမှာရောက်နေတဲ့ မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ အောက်စဖို့ဒ် တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို အောက်စဖို့ဒ်တက္ကသိုလ်ကြီးက ဒီကနေ့ အခမ်းအနားနဲ့ ပေးအပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ မိန့်ခွန်းပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ တက္ကသိုလ်ကျောင်းသူဘဝကို လွတ်လွတ် လပ်လပ် ဖြတ်သန်းခဲ့ရတဲ့ အရသာကို မြန်မာနိုင်ငံက လူငယ်တွေကိုလည်း ခံစားစေချင်တယ်လို့ ပြောခဲ့ပါ တယ်။ တချိန်ကသူကျင်လည်ခဲ့ရာ အောက်စဖို့ဒ်တက္ကသိုလ်က အမှတ်ရစရာ အကြောင်းတွေနဲ့အတူ မြန် မာနိုင်ငံက လူငယ်တွေအတွက် သူ့ရဲ့မျှော်လင့်ချက်တွေကို မိန့်ခွန်းထဲမှာ ကျယ်ကျယ်ဝံ့ဝံ့ပြောသွားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အောက်စဖို့ဒ်မြို့မှာ ကိုယ်တိုင်သတင်းယူနေတဲ့ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဒီကနေ့မနက် ၁၁ နာရီခွဲမှာ စတင်တာပါ။ အောက် စဖို့ဒ် တက္ကသိုလ်ရဲ့ အဓိပတိက ဦးဆောင်ပြီးတော့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကျော် အောက်စဖို့ဒ် တက္ကသိုလ်ကြီးကတော့ ရှေးရိုးစဉ်လာ မပျက် ခရာသံနဲ့ အခမ်းအနားကို စပြီးဖွင့် ခဲ့ပါတယ်။ ဒီနေ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူသူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံးပေါင်း ၈ ဦးဖြစ်ပါတယ်။ ဘွဲ့လက်ခံမယ့်သူတွေက sheldonian theatre ခမ်းမကြီးထဲကို ဘင်ခရာသံတွေနဲ့အတူ စပြီးဝင်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရှေ့ဆုံးက ဝင်လာတာဖြစ်ပါတယ်။

ဘွဲ့ဝတ်စုံအနီရောင်ကို ဝတ်ဆင်ထားပြီး ရင်ဖုံးအင်္ကျီအနက်နဲ့ အနက်အောက်ခံ ယောထမီရောင်စုံပွင့်ထိုးကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ သူ့ရဲ့ ရင်ဖုံးအင်္ကျီအနက်မှာတော့ ခွပ်ဒေါင်းပုံရင်ထိုးကို ဝံ့ဝံ့ကြွားကြွား တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဘွဲ့အပ်နှင်းတဲ့အခမ်းအနား အပြီးမှာတော့ အောက်စဖို့ဒ်တက္ကသိုလ် အဓိပတိက ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ခွန်းပြောဖို့ ဖိတ်ကြားပါတယ်။ ကျမကိုယ်တိုင် တွေ့ရသလောက် ကတော့ ဒေါ်အောင်ဆန်းစုကြည်က ဘာစာရွက်မှ ကိုင်မထားဘဲနဲ့ လက်တန်းပြောသွားတာ ဖြစ်ပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်ကြီးက သင်ကြားပေးလိုက်တဲ့ Civilization of Huminity လို့ခေါ်တဲ့ လူ့ယဉ်ကျေးမှု ပညာရပ်ဟာ သူ့အတွက် အကျိုးရှိတဲ့အကြောင်း အခုလို ပြောပါတယ်။

“အောက်စ်ဖို့ တက္ကသိုလ်နဲ့ ပတ်သက်လို့ ကျမအတွက် အရေးအကြီးဆုံး အရာတခုကတော့ ကျောင်းသင်ခန်းစာ စာအုပ်တွေထဲကနေ လေ့လာသင်ယူခဲ့ရတာတွေ သာမကပဲ လူ့ယဉ်ကျေးမှုထဲက အကောင်းဆုံး အရာတွေ ကို လေးစားတတ်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ လူ့ယဉ်ကျေးမှုထဲက အကောင်းဆုံးအရာတွေ ဆိုတာဟာ ကမ္ဘာပေါ်က နေရာအသီးသီးက လာကြတာပါ။ ဒါတွေဟာ အောက်စဖို့ဒ် လောက်မှာပဲဖြစ်ဖြစ်၊ မြန်မာပြည်မှာ ပဲ ဖြစ်ဖြစ် တခြား တိုင်းပြည်တခုခုမှာပဲ ဖြစ်ဖြစ် အကန့်အသတ်နဲ့ ရှိနေတာ မဟုတ်ပါဘူး။ လူ့ယဉ်ကျေးမှုရဲ့ အကောင်းဆုံးအရာတွေကို အောက်စဖို့ဒ်မှာ သင်ယူခဲ့တာတွေက ကျမအတွက်တော့ အကောင်းဆုံးမဟုတ်တဲ့ အရာတွေကို လက်ခံ ရင်ဆိုင်တဲ့နေရာမှာ ခံနိုင်ရည်ရှိအောင် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။”

အောက်စဖို့ဒ် တက္ကသိုလ် St. Hugh တက္ကသိုလ်ကောလိပ်ကျောင်းသားတွေကို သူ မနေ့က တွေ့ခဲ့ရတုန်းက သူငယ်ငယ်က အဲဒီ St. Hugh ကောလိပ် ပရဝုဏ်ထဲမှာ ပျော်ရွှင်လွတ်လပ်စွာ စာသင်ခဲ့ရတဲ့အဖြစ် ကလေးတွေ၊ မတူကွဲပြားတဲ့အမြင်တွေကို သူငယ်ချင်းတွေနဲ့ ဖလှယ်နိုင်ခဲ့တာ၊ နောက် မြန်မာပြည်က တက္ကသိုလ်တွေရဲ့ ကမ်းပတ်စ် လိုက်ဖ် (Campus Life) လို့ခေါ်တဲ့ ပရဝုဏ်ထဲမှာ ကျောင်းသားတွေ လွတ်လွတ်လပ်လပ် မခံစားကြရတဲ့အဖြစ်နဲ့ နှိုင်းယှဉ်ရင်း အခုလို ပြောပြပါတယ်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိတ်မကောင်းစရာ အဖြစ် ကျမတွေးမိ တာကတော့ ကျောင်းသားတွေ အတွက် တက္ကသိုလ်ပုရဝဏ်မှာ ကျင်လည်ရတဲ့ ဘဝတွေ ကင်းမဲ့နေတာပဲ ဖြစ် ပါတယ်။ ကျောင်းပုရဝုဏ် ဘဝဆိုတာဟာ လူငယ်တွေအတွက် သူတို့ ကိုယ်ပိုင်ကမ္ဘာကို ဖန်တီးဖို့၊ ဒါမှ မဟုတ်ရင်လည်း ကမ္ဘာကို သူတို့ကိုယ်ပိုင်ဖြစ်အောင် ဖန်တီးနိုင်တဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒီလို လုပ်ဖို့ အတွက် သူတို့မှာ လွတ်လပ်ခွင့်နဲ့ နေရာလည်း ရှိပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း ကျမတို့ မြန်မာနိုင်ငံက လူငယ်တွေမှာတော့ လွတ်လပ်ခွင့်တွေလည်း မရှိကြပါဘူး။ ကျောင်းသားတွေ စည်းကမ်းတကျ ဖြစ်ဖို့လိုတယ်ဆိုတဲ့ အမြင်မျိုးနဲ့ ထိန်းထားချင်တဲ့အတွက် တက္ကသိုလ်ဘဝတွေဟာ ပြိုကွဲခဲ့ရပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စပါ၊ ကျောင်းသားဆိုတာမျိုးက ဒီလို ထိန်းထားလို့ မရပါဘူး။”

အဲဒီနောက်မှာတော့ ဟာသလေးနှောပြီး ပြောသွားတာ တခုရှိပါတယ်။ သူက လန်ဒန်မြို့ ကနေ အောက်စဖို့ဒ်မြို့ကို ကားနဲ့လာတော့ ကားလမ်းက ချောမွေ့ပြေပြစ်နေ တာ တွေ့ရပါတယ်- တဲ့။ မြန်မာပြည်က လမ်းတွေက ကြမ်းတမ်းပေမဲ့ သူကတော့ ခံနိုင်ရည်ရှိပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ကားလမ်းကချောပေမဲ့ ကားတော့မူးတယ်လို့ ဟာသနှောပြီး ပြောသွားပါတယ်။

ဟာသရဲ့နောက်မှာတော့ မြန်မာပြည်ရဲ့ အနာဂတ်လမ်းခရီးဟာလည်း တလက်မချင်းစီပြုပြင်ပြီး ချောမွေ့အောင် လုပ်ရလိမ့်မယ်လို့ အခုလို ပြောပါတယ်ရှင်။

“မြန်မာနိုင်ငံဟာ အခုအခါ လမ်းကြောင်းတခုပေါ်မှာ စပြီး လျှောက်လှမ်း နေပါတယ်။ ဒီလမ်းဟာ အင်္ဂလန်မှာ တွေ့နိုင်တဲ့ အဖြောင့်ဖြူးဆုံး လမ်းမျိုးတော့ မဟုတ်သေးပါဘူး။ ချောချောမွေ့မွေ့ မဟုတ်သလို၊ ကျကျနန ပြုပြင်ထိန်းသိမ်းတာမျိုးလည်း မရှိပါဘူး။ တကယ်တော့ ခရီးက ရောက်တောင် မရောက်သေးပါဘူး။ လမ်းကြောင်းကို ကျမတို့ဖာသာ ဖောက်ကြရမှာပါ။ ဒီလမ်းပေါ်မှာ ကျမတို့ လျှောက်လှမ်းနေတဲ့ တချိန် တည်းမှာပဲ ကိုယ်တိုင် ဖောက်လုပ်သွားကြရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေ ကြီးကြီးမားမား ထားနေသူတွေလည်း အများအပြား ရှိနေပါတယ်။”

ဒါနဲ့တဆက်တည်းမှာပဲ မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့၊ ဂျွန်လ ၁၉ ရက်နေ့မှာတော့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားကလည်း ဗြိတိန်နိုင်ငံကို ရောက်နေတာနဲ့ကြုံကြိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနှုတ်ဆက်သွားတယ်ဆိုတာကို ကြားသိရပါတယ်ရှင်။

XS
SM
MD
LG