သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတရွေးကောက်ပွဲရလဒ်ကြေညာဖို့ ရက်ရွှေ့ဆိုင်း

အီဂျစ်နိုင်ငံမှာ ဒုတိယအကျော့ပြန်ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူနှစ်ဦးရဲ့ အယူခံလွှာတွေ ကို ပြန်သုံးသပ်နေရဆဲဖြစ်ပြီး ရွေးကောက်ပွဲရဲ့ ရလဒ်ကို ကြေညာဖို့ စီစဉ်ထားတာကို ဆိုင်းထားလိုက်တယ် လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တာကြောင့် ရွေးကောက်ပွဲ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပြင်းထန်လာရသလို တင်းမာမှုတွေလည်း မြင့်မားလာနေပါတယ်။

မွတ်ဆလင်ညီအကိုတော်များအဖွဲ့ကနေ ယှဉ်ပြိုင်သူ Mohammed Morsi နဲ့ သူ့ယှဉ်ပြိုင်ဘက် ဝန်ကြီးချုပ်ဟောင်း Ahmed Shafiq တို့ အငြင်းပွားထားတဲ့ မဲအရေအတွက်နဲ့ မဲဆွယ်မှုမှာ စည်းမျဉ်း ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး တိုင်တန်းထားတဲ့ အမှု (၄၀၀) လောက်ကို တရားသူကြီးတွေ စုံစမ်းနေတုန်းဖြစ်တယ်လို့ ကော်မရှင်က ပြောပါတယ်။

ဘယ်သူနိုင်တယ်ဆိုတဲ့ ရလဒ်ကို ကြေညာပေးမယ့်ရက်အသစ် ကို မသတ်မှတ်ပေးသေးပါဘူး။ ဒီလို ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး အငြင်းပွားနေတာကြောင့် နိုင်ငံရေးအရ ထပေါက်ကွဲမယ့် အနေအထားဖြစ်နေရတဲ့ကြားထဲကပဲ မနှစ်က လူထုအုံကြွမှုကြောင့် ရာထူးက ဖြုတ်ချခံရပြီး ထောင်ဒဏ် တသက် အပြစ်ပေးခံထားရတဲ့ အသက် ၈၄ နှစ်အရွယ် သမ္မတဟောင်း Hosni Mubarak ရဲ့ ကျန်းမာရေး အခြေအနေကြောင့်လည်း နိုင်ငံရဲ့ မရေရာတဲ့အခြေအနေကို ပိုဆိုးစေပါတယ်။

Mr. Mubarak ဟာ သေအံ့ဆဲဆဲ အခြေအနေကိုရောက်နေပြီး လေဖြတ်သွားတာကို အသက်ကူကိရိယာနဲ့ အသက်ဆက်ထားရတယ်လို့ အစိုးရသတင်းဌာနက အင်္ဂါညက ကြေညာသွားတာပါ။ မနှစ်က လူထုအုံကြွမှု အတွင်း ဆန္ဒပြသူတွေ ပစ်သတ်ခံရတာကို မတားဆီးနိုင်လို့ဆိုပြီး ဇွန်လ (၂) ရက်နေ့မှာ ပြစ်ဒဏ်စီရင်ခံရပြီး ကတည်းက ကိုင်ရိုမြို့တော် ထောင်ဆေးရုံမှာနေနေရတာကနေ သူ့ကို စစ်ဆေးရုံကို ပို့ဆောင်ခဲ့ကြပါတယ်။

သူဟာ သတိလယ်မလာတော့ပဲ အသက်ကူ ကိရိယာတွေနဲ့ အသက်ဆက်ထားပြီး နှလုံးနဲ့ တခြားအရေးပါတဲ့ အင်္ဂါတွေကတော့ အလုပ်လုပ်နေဆဲဖြစ်တယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

နောက်ပိုင်းထွက်လာတဲ့ New York Times သတင်းစာက သတင်းမှာတော့ သူဟာ ထောင်ရေချိုးခန်း မှာ ချော်ကျခဲ့တယ်လို့ သူ့ရှေ့နေက ပြောကြောင်းဆိုပါတယ်ရှင်။

This item is part of
XS
SM
MD
LG