သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒလိုင်းလားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


ဥရောပ ၅ နိုင်ငံကို ခရီးထွက်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ညနေဘက် သူ့ရဲ့ ၆၇ နှစ်မြောက် မွေးနေ့မှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ လန်ဒန်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ သူတို့နှစ်ဦး ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပါတယ်။

အခုလိုတွေ့ဆုံရာမှာ ဘုန်းတော်ကြီးဒလိုင်လားမားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိရှိမှုအတွက် တကယ် မြတ်မြတ်နိုးနိုး ဂုဏ်ယူရကြောင်းနဲ့ အခုလိုတွေ့ဆုံနိုင်တဲ့အတွက် ဝမ်းမြောက်ပျော်ရွှင်ရကြောင်း ပြောကြားခဲ့တယ်လို့ ဒလိုင်လားမား ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လူထုရဲ့လေးစားမြတ်နိုးမှုကိုခံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူသားကောင်းကျိုးအတွက် ထူးထူးခြားခြား လုပ်ဆောင်နိုင်မယ်ဆိုတာကို သူ့အနေနဲ့ သံသယမရှိကြောင်း လည်း တနင်္လာနေ့ နာရီဝက်ကြာတွေ့ဆုံစဉ် အချိန်အတွင်းမှာ ပြောကြားခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

တိဘက်ဘုန်းတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်မှန်းချက်တွေ အားလုံးပြည့်ဝစေဖို့ ဆုမွန်ကောင်းတောင်းပါကြောင်းနဲ့ ထပ်ပြီးဆုံတွေ့ ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

ဒလိုင်လားမားဟာ ဒေါ်အောင်ဆန်းစုကြည် အထိမ်းသိမ်းခံနေရတဲ့အချိန်က အမြန်ဆုံးလွတ်မြောက်အောင် လှုံ့ဆော်လှုပ်ရှားမှုတွေလုပ်ခဲ့ သလို ပြန်လွတ်လာချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုအတွက် လုပ်ဆောင်မှုတွေကို ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒလိုင်လားမားဟာ ဗြိတိန်၊ စကော့တလန်နဲ့ အီတလီနိုင်ငံတွေကို ၁၅ ရက်ကြာခရီး သွားနေ တာဖြစ်ပြီး မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားမယ့် ဗြိတိသျှပါလီမန်မှာ ဒီကနေ့ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

XS
SM
MD
LG