အာရှတိုက်က သန်းကြွယ်သူဌေး အရေအတွက်ဟာ မြောက်အမေရိကတိုက်နဲ့ယှဉ်ရင် ပထမဆုံးအကြိမ်အဖြစ် မနှစ်က ပိုများလာခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းနဲ့ မရေရာတဲ့ စီးပွားရေး အခြေအနေတွေကြောင့် ချမ်းသာကြွယ်ဝမှု အတိုင်းအတာတော့ လျော့ကျသွားတယ်လို့ ဆိုပါတယ်။
အခု နောက်ဆုံးထွက်လာတဲ့ ကမ္ဘာ့ချမ်းသာကြွယ်ဝမှု အစီရင်ခံစာအရ အာရှ-ပစိဖိတ်ဒေသအတွင်း အမေရိကန်ဒေါ်လာ တသန်းထက် ကျော်လွန်ပြီး ရင်းနှီးမြှုပ်နှံနိုင်သူ ၃.၃၇ သန်းရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ အရင်တနှစ်ကထက်စာရင် ၁.၆ % ပိုများလာတာလည်း ဖြစ်ပါတယ်။
မြောက်အမေရိကတိုက်မှာတော့ အဲဒီလို ပမာဏနဲ့ ရင်းနှီးမြှုပ်နှံနိုင်သူအရေအတွက် ၃.၃၅ % ရှိတာကြောင့် ၁ % သာသာ လျော့ကျသွားတာ ဖြစ်ပါတယ်။ ဥရောပတိုက်မှာတော့ အဲဒီလို ချမ်းသာကြွယ်ဝသူ ၃.၁၇ % ရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့သန်းကြွယ်သူဌေး အရေအတွက်ကတော့ ၁၁ သန်းလောက်နဲ့ ပုံမှန်ရှိနေပြီး သူတို့အားလုံးရဲ့ စုစုပေါင်း ချမ်းသာကြွယ်ဝမှုပမာဏဟာ ၁.၇ % လျော့ကျသွားပြီး ၂၀၁၁ ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၂ သန်း ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ကြွယ်ဝမှုနှုန်း ကျဆင်းသွား တာဟာ ဥရောပတိုက်က ယူရိုငွေကြေး သုံးစွဲတဲ့နိုင်ငံတွေမှာ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာနဲ့ အမေရိကန် စီးပွားကျဆင်းနေတာ တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်အမေရိကတိုက်ကတော့ ၁၁.၄ ထရီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံး ဒေသအဖြစ် ဆက်လက်တည်ရှိနေပြီး အာရှတိုက်က ၁၀.၇ ထရီလီယံနဲ့ ဒုတိယ၊ ဥရောပတိုက်က ၁၀.၁ ထရီလီယံနဲ့ တတိယ အသီးသီး လိုက်နေကြတာပါ။ အရှေ့အလယ်ပိုင်း ဒေသအတွင်းမှာရှိနေကြတဲ့ သန်းကြွယ် သူဌေးတွေသာ သူတို့ရဲ့ ပိုင်ဆိုင်မှု အနည်းငယ် မြင့်တက်ခဲ့တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။