လူပေါင်း ၂၀၂ ယောက် သေဆုံးခဲ့တဲ့ ၂၀၀၂ ခုနှစ် ဘာလီ ညကပွဲရုံ တိုက်ခိုက်မှုမှာ ကားဗုံးထောင်ဖို့ ကူညီခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အင်ဒိုနီးရှား စစ်သွေးကြွတဦးကို တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
အင်ဒိုနီးရှားသတင်းတွေမှာ ဖောက်ခွဲရေးသမားလို့ နာမည်တပ်ခံရတဲ့ Umar Patek ဟာ ကြိုတင်ကြံရွယ်စီစဉ်တဲ့ လူသတ်မှုနဲ့ ဗုံးတွေလုပ်ပြီး တရားမ၀င် လက်နက်ကိုင်ဆောင်မှု အပါအ၀င် တခြား စွပ်စွဲချက်တွေနဲ့ စွဲချက်တင် ခံခဲ့ရတာဖြစ်ပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ သူ့မှာ အပြစ်ရှိကြောင်း အင်ဒိုနီးရှား တရားရုံးက ချမှတ်ခဲ့သလို ၂၀၀၀ ခုနှစ် ခရစ္စမတ်အကြိုညက ဂျကာတာမြို့မှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းတွေကို တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့မှုနဲ့ အပြစ်ရှိကြောင်းလည်း ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေ အများစု အသတ်ခံခဲ့ရတဲ့ ဒီ ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တာနဲ့ပတ်သက်လို့ နောင်တ အကြီးအကျယ်ရမိပါတယ်လို့ ပြောလာခဲ့တဲ့ Patek ကို တရားလိုရှေ့နေတွေက သေဒဏ်အပြစ်ပေးမယ့်အစား ထောင်ဒဏ် တသက်ချမှတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
Patek ဟာ အယ်လ်ခိုင်းဒါးအဖွဲ့နဲ့ ဆက်စပ်နေတဲ့ Jemaah Islamiyah အဖွဲ့က ဦးဆောင် အဖွဲ့ဝင် တယောက် ဖြစ်ပါတယ်။ အယ်လ်ခိုင်းဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ကို အမေရိကန် တပ်ဖွဲ့တွေ သုတ်သင်ခဲ့တဲ့ ပါကစ္စတန် အနောက်မြောက်ပိုင်းမြို့မှာပဲ သူ့ကို ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။