သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခြားကိစ္စဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်သွားမည်


သမ္မတဦးသိန်းစိန်ဟာ ဂျူလိုင်လလယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလောလောဆယ်မှာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေတွေ တိုး တက် ကောင်းမွန်နေပြီး နယ်စပ်ဒေသမှာလည်း ငြိမ်းချမ်းမှုရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြော သလို မြန်မာအစိုးရဘက်ကလည်း ရခိုင်ပြည်နယ်ထဲမှာ အရေးပေါ်အခြေအနေ မရုပ်သိမ်းသေးပေမဲ့ တချို့ဒေသတွေက ညမထွက်ရ အမိန့်တွေပါ မရုပ်သိမ်းနိုင်သေးတဲ့အခြေအနေတွေ ရှိနေပေမယ့်လို့လည်း အခြေအနေဟာ တစစနဲ့ ကောင်းမွန်လာပြီလို့ ဆိုပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

မြန်မာသမ္မတဦးသိန်းစိန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရှေ့လလယ်မှာ လာရောက်ဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဂိုလန်ဆာလ်ဝါရ် (Golam Sarwar) က VOA ကို ပြောပါတယ်။

“ဂျူလိုင်လလယ်လောက်မှာ လာဖို့ ရှိပါတယ်။ အခုလောလောဆယ်မှာ ဒီ့ထက်ပိုမပြောနိုင်ပေမယ့် ဒီကိစ္စ အတွက် ကျနော်တို့ ဆောင်ရွက်နေတယ်ဆိုတာနဲ့ နှစ်နိုင်ငံ အပြုသဘောဆောင်တဲ့ လမ်းကြောင်းပေါ် မှာ ရောက်နေပါတယ်ဆိုတာ ပြောနိုင်ပါတယ်”

သမ္မတဦးသိန်းစိန်ဟာ ဂျူလိုင်လ ၁၅ရက်နေ့ကနေ ၁၇ ရက်နေ့အထိ သုံးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်တဲ့အခါ နှစ်နိုင်ငံနယ်စပ်ဒေသက မတည်မငြိမ်ဖြစ်နေမှုတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးကို ဆွေးနွေးဖို့ရှိနေတယ်လို့ ရန်ကုန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ပြောကြား ခဲ့ကြောင်းနဲ့ ဦးသိန်းစိန်ဟာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) အပါအဝင် ဘင်္ဂလားဒေ့ရှ် အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို ဒီတကြိမ်မှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာဒုက္ခသည်ပြဿနာနဲ့ ပတ်သက်ပြီး သေသေချာချာဆွေးနွေးဖို့ ရှိတယ် လို့ ဗိုလ်ချုပ် Anup Kumar Chakma ရဲ့ပြောကြားချက်ကို AFP သတင်းကဖော်ပြပါတယ်။

မစ္စတာ ဆာလ်ဝါရ် ကတော့ သမ္မတဦးသိန်းစိန်ရဲ့ခရီးမှာ ဘာတွေဆွေးနွေးမယ်ဆိုတာ ထုတ်မပြောနိုင်သေးပေ မယ့် အခုအချိန်မှာ နှစ်နိုင်ငံ ဆက်ဆံရေး အကောင်းဆုံးအနေထားမှာရှိနေသလို နယ်စပ်အခြေနေဟာလည်း သိပ်ကောင်းနေတယ်လို့ ဆိုပါတယ်။

“အေးအေးချမ်းချမ်းပါပဲ။ သိပ်ကောင်းနေပါတယ်။ နယ်စပ်အခြေအနေသိပ် ကောင်းနေပြီး နှစ်နိုင်ငံဆက်ဆံရေး လည်း အကောင်းဆုံးအနေထားမှာ ရှိနေပါတယ်။”

ရခိုင်ပြည်နယ်ထဲမှာ သမ္မဦးသိန်စိန်က အခုထိ အရေးပေါ်အခြေအနေထုတ်ပြန်ထားဆဲဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနဲ့မောင်တော အပါအဝင် တချို့ဒေသတွေမှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကိုလည်း အခုထိပြန်မရုပ်သိမ်းသေးပါဘူး။

ဒါပေမယ့် အခြေနေတွေဟာ အရင်ကနဲ့မတူဘဲ ကျောင်းတချို့ပြန်ဖွင့်နိုင်ပြီဖြစ်ပြီး တချို့လည်း နေရပ်ပြန်နိုင်တဲ့ အထိ အခြေအနေ တစ တစ ကောင်းလာနေပြီလို့ ရခိုင်ပြည်နယ်မှာ အခြေအနေ ထိန်းသိမ်းနိုင်ဖို့ ဖွဲ့စည်းထား တဲ့ ကွပ်ကဲရေးအဖွဲ့ပြောခွင့်ရ ဦးဝင်းမြိုင်က ပြောပါတယ်။

“စစ်တွေကလည်း ဒီကနေ့ဆို အကုန်လုံးကောင်းပါပြီ။ တချို့ကျောင်းတွေတောင်မှ ပြန်တက်နေကြပါတယ်။”

မေး။ ။ အခြေနေကောင်းနေတယ်ဆိုတော့ ညမထွက်ရ အမိန့်ထုတ်ထားတာရော ပြန်ရုပ်သိမ်းဖို့ ရှိပါသလား။

“လောလောဆယ် မသိသေးဘူးခင်ဗျ။ ဖြေးဖြေးချင်းတော့ ရုပ်သိမ်းဖို့ ရှိမှာပါ။ တဆင့်ချင်း တဆင့် ချင်းတော့ လျှော့ပေးဖို့ ရှိပါတယ်။ ဒီမှာ အခြေအနေတွေ အကုန်လုံးကောင်းသွားတယ် ဆိုလို့ရှိရင်လည်း တခါတည်း ပြန်ရုပ်သိမ်းဖို့လည်း ရှိရင်ရှိမှာပါ။”

မေး။ ။ ဒုက္ခသည်တွေ သူတို့ အိမ် သူတို့ ပြန်နိုင်ပါပြီလား။

“အဲဒါကတော့ မပြန်နိုင်သေးဘူး။ မီးလောင်ပြင်ဆိုရင် သူတို့ ရှင်းတုန်းလင်းတုန်း ရှိပါသေးတယ်။ ရန်ကုန်က လာတဲ့ မီးသတ်အဖွဲ့တွေနဲ့ ဒီကရှိတဲ့ လူတွေနဲ့ အဲဒီ မီးလောင်ပြင် တွေ အကုန်လုံးကို ရှင်းတုန်း ရှိပါသေး တယ်။”

မေး။ ။ စစ်တွေ အခြေအနေအေးချမ်းနေပြီဆိုတော့ ဘူးသီးတောင်၊ မောင်တော၊ နောက် တခြား ရခိုင်ပြည်နယ် တခုလုံးရဲ့အခြေနေလေး ခြုံပြီးပြောပြပေးပါ။

“ခြုံပြီးပြောရရင် အကုန်လုံးက ကောင်းနေပါပြီ ခင်ဗျ။ ဘူးသီးတောင်၊ မောင်တောမှာလည်း ကောင်းတဲ့ အပိုင်းတွေ အချို့ကောင်းနေပါပြီ။ တချို့ဆိုရွာတွေ ပြန်ကြတယ်။ ဝေးတဲ့ရွာတွေဆို ရိက္ခာပါပေးပြီးတော့ ပြန်ကြတာရှိပါတယ်။”

မေး။ ။ မီးရှို့မှုတွေရောရှိပါသေးလား။ ထပ်ပြီးတွေ့ရသေးလား။

“မီးရှို့မှုကတော့ မရှိတော့ပါဘူးခင်ဗျ။”

မေး။ ။ ကူညီတဲ့ အဖွဲ့တွေက ဘယ်အဖွဲ့တွေ အများဆုံး လာပါသလဲ။

“ဒီမှာ ရန်ကုန်က နာရေးကူညီမှုအသင်းက လာတယ်။ UNHCR က လာတယ်။ သူတို့ မနေ့ကရောက် ကြပြီးတော့ စခန်းတွေကို လိုက်ကြည့် နေပါတယ်။ နောက် WFP ကတော့ ဆန်ထောက်ပံ့ဖို့ အရင်မြေပုံဘက်မှာနေရာကနေ ဒီဘက်ကူးလာပါတယ်။”

မေး ။ စခန်းတွေရဲ့ ကျန်းမာရေးအခြေနေရောဘယ်လိုရှိပါသလဲ။

“စခန်းကျန်းမာရေးကလည်း အားလုံး အခြေအနေကောင်းပါတယ်။ ဆိုးဆိုးဝါးဝါး တခုမှ မရှိပါဘူး။ အပြင်မှာပြောနေသလို ဝမ်းရောဂါတွေ ဘာတွေလည်း မရှိပါဘူး။ သရက်သီးပေါ်တဲ့အချိန်မှာ ရခိုင်မှာဖြစ်နေကြ ပဲ။ ဝမ်းလျှောတာပဲ ရှိပါတယ်။”

ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ အချိန်မရွေးပြန်ပြီး ဆူဆူပူပူ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေ ကပြောဆိုသလို ဇွန်လ ၁၀ ရက်နေ့ကတည်း က ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်အတွက် အရေးပေါ် အခြေအနေကိုလည်း အခုအချိန်မှာ ပြန်ပြီး မရုပ်သိမ်းသင့်သေးဘူးလို့လည်း အများက ယုံကြည်ကြပါတယ်။

XS
SM
MD
LG