သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပြည်ပရောက် အဖွဲ့တွေနဲ့တွေ့


မြန်မာနိုင်ငံတွင်း နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်လည်ရပ်တည် လုပ်ကိုင်နိုင်မယ့် အလားအလာ ပိုပြီး ရှိ လာပြီလို့ မျှော်လင့်တဲ့အကြောင်း ဒီကနေ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ပြည် ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့တချို့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒီကနေ့ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ပြည် ပရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့အဖွဲ့တချို့က ခေါင်းဆောင်တွေ တွေ့ဆုံပြီး အပြန်အလှန်ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက ထိုင်း-မြန်မာအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့တော့ လူ့ဘောင်သစ် ဒီမိုရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အခုလို ပြောပြပါတယ်။

“အဓိက-ကတော့ သုံးချက်ပါပဲ။ ကျနော်တို့ဘက်က တစ်-အချက်က ကျနော်တို့ပါတီအနေနဲ့ တိုင်းပြည်ရဲ့ ဒီမို ကရေစီတည်ဆောက်ရေး လုပ်ငန်းစဉ်မှာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးပါတီ တခု အနေနဲ့ တရားဝင်ပါဝင်ပြီးတော့ ဆောင်ရွက်ချင်တယ်။ အဲဒီအတွက် ကျနော်တို့ပါတီကို မတရားသင်း သတ်မှတ်ထားတာနဲ့ပတ်သက်လို့ ဖျက်သိမ်းပေးဖို့၊ နော် ကျနော်တို့အားလုံးပြန်ပြီးတော့ အထဲမှာ နိုင်ငံရေး ခိုင်ခိုင်မာမာလုပ်ခွင့်ရဖို့- အဲဒီကိစ္စတွေကို ဆွေးနွေးပါတယ်။ ဝန်ကြီးဦးအောင်မင်းတို့၊ ဝန်ကြီးဦးခင်ရီတို့ဘက် က ပြန်ပြီး ဆွေးနွေးတာကတော့ မတရားသင်းပြန်ပြီး ဖျက်သိမ်းပေးဖို့ကိစ္စ၊ နောက်တခုက ကျနော်တို့ အားလုံး ပြန်လာပြီး အထဲမှာ နိုင်ငံသားအခွင့်အရေးနဲ့ အညီ နိုင်ငံရေး လုပ်ကိုင်နိုင်မှုဆိုတာတွေနဲ့ ပတ်သက်လို့ ဒီ နှစ်ချက်ကို သမ္မတကြီးဆီကို စာရေးပါ။ သူတို့ အနေနဲ့ ဝိုင်းဝန်းပြီးတော့ ဒီကိစ္စတွေကို မဖြစ် ဖြစ်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်ပါ့မယ်လို့ ကျနော်တို့ကို ပြောပါတယ်။”

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ အခုတကြိမ်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး နောက်တကြိမ် တွေ့ ဆုံဖို့စီစဉ်နေတဲ့ အကြောင်းလည်း ဦးအောင်မိုးဇော်က ပြောပါတယ်။ ပြည်ပမှာ ဆယ်စုနှစ်နဲ့ချီ လှုပ်ရှားနေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ မြန်မာနိုင်ငံတွင်း တရားဝင် နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်လည် ရပ်တည် လုပ်ကိုင်နိုင်မယ့် အလားအလာ ပိုပြီး ရှိလာပြီလို့ မျှော်လင့်တဲ့အကြောင်းလည်း သူက ပြောပါတယ်။

“ဒီကနေ့ဆွေးနွေးပွဲနဲ့ ပတ်သက်လို့တော့ ကျနော့်အနေနဲ့ အားရမှုရှိတယ်။ ကျနော့်အနေနဲ့ပေါ့- မျှော်လင့်ချက် ပိုပြီးတော့ များလာတယ်လို့ ပြောချင်ပါတယ်။ ဝန်ကြီးဦးအောင်မင်းတို့၊ ဝန်ကြီး ဦးခင်ရီတို့ရဲ့ ပြောဆိုချက်တွေ အရဆိုရင် မတရားအသင်းအဖြစ် ကြေညာထားတာကို ဖျက်သိမ်းပေးမယ့် အလားအလာ၊ နောက်တခုက ကျနော်တို့ပြန်ရနိုင်တဲ့အလားအလာ၊ ပြန်ပြီးတော့ တိုင်းပြည်ထဲမှာ နိုင်ငံရေးပါတီတခု အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့ အလုပ်လုပ်နိုင်တဲ့အလားအလာ ပိုများလာတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ နေ့လယ် ၂ နာရီလောက်ကနေ ၄ နာရီလောက်အထိ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB နဲ့လည်း ဒီကနေ့ တွေ့ဆုံခဲ့သလို မနက်ဖြန် မှာတော့ ကရင်အမျိုးသား အစည်းအရုံး KNU အပါအဝင် နယ်စပ်လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုမှာတော့ မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က မီးရထားဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့အပြင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေဖြစ်တဲ့ ဦးလှမောင်ရွှေနဲ့ ဒေါက်တာ ကျော်ရင်လှိုင် အစရှိတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ကြသလို လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဘက်ကတော့ ပါတီဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနဲ့ တခြားခေါင်းဆောင်နှစ်ဦး ပါဝင်တယ်လို့လည်း ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် တစုံတရာ ရယူခဲ့တာမျိုး မဟုတ်ပေမဲ့လို့ နောက်ထပ် ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ဒီနှစ်အစောပိုင်းကစလို့ ပြည်ပအခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ လက်နက်ကိုင် အဖွဲ့တချို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်လာနေတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG