သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ပြင်သစ်ခရီး စတင်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်သမ္မတရဲ့ဖိတ်ကြားချက်နဲ့ နိုင်ငံတော် အထူး ဧည့်သည်အဖြစ် ပြင်သစ်နိုင်ငံကို ဒီကနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။ ပြင်သစ်ခရီးစဉ်အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ပြင်သစ်အာဏာပိုင်တွေဘက်က ကြိုဆိုပြင်ဆင်ချက်တွေနဲ့ ဂုဏ်ပြုအစီအစဉ်တွေ ကိုတော့ မဆုမွန်က စုစည်းတင်ဆက်ပေးပါမယ်။

ပြင်သစ်သမ္မတရဲ့ အထူးဖိတ်ကြားချက်နဲ့ရောက်ရှိလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံမှာ ဇွန်လ၂၆ ရက်နေ့ကနေ ဇွန်လ၂၉ ရက်နေ့အထိ နေမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အထူးဧည့်သည်အနေနဲ့ ကြိုဆို ကြမှာဖြစ်ပြီး လုံခြုံရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။ ဒီကနေ့ ညနေပိုင်းမှာတော့ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းနဲ့တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ဖို့ ရှိပါတယ်။ ညပိုင်းမှာတော့ သမ္မတရဲ့ ညစာတည်ခင်းဧည့်ခံပွဲကို တက်ရောက်မှာဖြစ်ပါတယ်။

လူ့အခွင့်အရေးအတွက် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသမီးတဦး အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ပြုသွားမှာဖြစ်သလို မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပြင်သစ်နိုင်ငံအနေနဲ့ တတ်တတ်ကြွကြွ ထောက်ခံကူညီသွားမယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာနကလည်း မနေ့က ကြေညာချက် ထုတ်ပြန်သွားပါတယ်။

အခု ပြင်သစ်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ထူးဆောင်နိုင်ငံသား ဂုဏ်ပြုဆုပေးအပ်ပွဲ အစီအစဉ် အပါအဝင် ပြင်သစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဇွန်လ၂၇ ရက်နေ့မှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လော့ဒ်ရန့် ဖရပ်ဗျူရပ်စ် Laurent Fabius က နိုင်ငံခြားရေး ဝန်ကြီးရုံး မှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံကြိုဆိုပြီး ဂုဏ်ပြုညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ် ပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လွတ်မြောက်ရေးအထိမ်းအမှတ် သစ်ပင်ကိုလည်း နိုင်ငံခြားရေးရုံးဝင်းထဲ ဥယျာဉ်မှာ အမှတ်တရ စိုက်ပျိုးဖို့ ရှိတယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်သမ္မတ ဖရမ်ဆွာအော်လန်းက အီလ်ဇီ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံမှာဖြစ်သလို ပြင်သစ်ပါလီမန်တွင်းမှာလည်း ပြင်သစ်လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေကလည်း ဂုဏ်ပြုကြိုဆိုဖို့ ရှိပါတယ်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ဝန်ကလည်း ပြင်သစ်နိုင်ငံရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။

မြန်မာ့ဒီကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာမယ့်အပေါ် ပြင်သစ်မီဒီယာတွေမှာ သတင်း ဖော်ပြမှုတွေရှိသလို မြန်မာ့ဒီမိုကရေစီရေးကို စိတ်ဝင်တစား အားပေးကူညီခဲ့ကြတဲ့ ပြင်သစ်လူထု ကလည်း စိတ်ဝင်စားမှုတွေ ရှိကြပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့လယ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ ရုပ်ပုံကားချပ်တွေကို ချိတ်ဆွဲထားတာရှိသလို အရင်ကလည်း မြန်မာပြည်ဒီမိုကရေစီရေးကြိုးပမ်းနေတဲ့ ဒေါ်စုရဲ့ ရုပ်ပုံတွေကို ပြင်သစ်နိုင်ငံအတွင်းမှာ ချိတ်ဆွဲဂုဏ်ပြုမှုတွေ ရှိခဲ့တယ်လို့ ပြင်သစ်နိုင်ငံ မှာ နှစ်၂၀ ကျော် ရောက်နေတဲ့ ဦးအောင်ကိုးက ပြောပါတယ်။

“ပြင်သစ်လူထုက စိတ်ဝင်စားမူရှိတာပေါ၊ ဟိုကဆက် ဒီကပြောပေါ့၊ တွေ့ချင်ကြတဲ့သူတွေ အများကြီး ပဲ။ နှစ်ပေါင်း ၂၀ တောင် ဒေါ်စုကိစ္စရော၊ မြန်မာပြည်ကိစ္စရော ဒီမိုကရေစီရရှိရေးဆောင်ရွက်နေတဲ့ အသင်းအဖွဲ့တွေ အများကြီး ရှိတယ်လေ။ တစ်ခုရှိတာက သမ္မတကိုယ်တိုင်ဖိတ်ပြီး သမ္မတကိုယ်တိုင် ကြိုဆိုမယ့်သဘောရှိတယ်လို့ မြင်ယောင်မိတယ်လေ။ ဒေါ်စုကိုတော့ နိုင်ငံတော်ခေါင်းဆောင်အနေနဲ့ သူ့ရဲ့ဂုဏ်သိက္ခာနဲ့ဆိုတော့ ဖိတ်ကြားတယ်ဆိုတာက သူတို့နဲ့ Level ထားတယ်၊ သူတို့ရဲ့အဆင့်မှာ ထားပြီး ပြုစုတဲ့သဘောပေါ့။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်ကျောင်းသားလူငယ်တွေနဲ့ Sorbonne (ဆိုလ်ဘုန်း) တက္ကသိုလ်မှာ တွေ့ဆုံဖို့ရှိပြီး မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ ပြီးတဲ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ပြင်သစ်နိုင်ငံရဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေးရရှိရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိနိုင်အောင် မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေး အဘက်ဘက်က ကြိုးပမ်းကူညီပေးခဲ့ကြတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့လည်း ရှိပါတယ်။

ဇွန်လ၂၇ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့စီစဉ်ပေးမှုနဲ့ ပြင်သစ်နိုင်ငံရောက်မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ပြင်သစ်နိုင်ငံပါရီမြို့၊ မြို့တော်ခမ်းမမှာတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒေါ်စုနဲ့ တွေ့ဆုံခွင့်ရမယ့် အပေါ် ပြင်သစ် ရောက် မြန်မာလူထုကလည်း ဝမ်းသာအားရဖြစ်နေကြတယ်လို့ ပြင်သစ်နိုင်ငံကို ကိုးနှစ်ကြာ ရောက်ရှိနေပြီဖြစ်တဲ့ မသန္တာထွန်းက ပြောပါတယ်။

"အရမ်းတွေ့ချင်တာပေါ့အမရယ်၊ မေးခွန်းတောင်မှ မေးခွင့်ရချင်မှ ရမှာ။ လူကအရမ်းများနေတော့ မေးခွန်းတွေက အခု ၂၀ ပဲ လက်ခံတာ-တဲ့။ မေးခွန်း ၂၀ ထဲမှာ မေးတဲ့သူတွေက များနေတော့ ကျမလည်း ဘာမှတောင် မသိဘူးပေါ့ အမရယ်။ တွေ့တော့ ဝမ်းသာတာပေါ့။ အန်တီ့မျက်နှာလေး မြင်ရတာပဲ ဝမ်းသာလှပြီ။ လက်ဆွဲ နှုတ်ဆက်ချင်တာပေါ့ အမရယ်၊ အဲဒါမျိုး နှုတ်ဆက်ခွင့်တောင် ရပါ့မလား မသိဘူး။"

ဒေါ်စုရဲ့ ပြင်သစ်ခရီးစဉ်ဟာ ၂၅ နှစ်အတွင်း ပထမဦးဆုံးသော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် ၁၇ ရက်ရဲ့ နောက်ဆုံး ခရီးစဉ်ဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG