သုံးရလွယ်ကူစေသည့် Link များ

အီဂျစ်ရွေးကောက်ခံသမ္မတ အစိုးရဖွဲ့ဖို့ပြင်


အီဂျစ်ရွေးကောက်ခံသမ္မတ Mohamed Morsi ဟာ သူ ကတိပြုပြောဆိုထားတဲ့ အားလုံးပါဝင်တဲ့ အစိုးရ တရပ်ဖွဲ့စည်းရေး စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အီဂျစ်နိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီနည်း ကျ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတအဖြစ် ကြေညာခံရပြီး နောက်တရက်မှာပဲ အစိုးရဖွဲ့စည်းရေး လုပ်ဆောင်နေတာပါ။

ဝန်ကြီးချုပ်ဟောင်း Ahmed Shafiq ကို သမ္မတရွေးကောက်ပွဲမှာ တနင်္ဂနွေနေ့က အနိုင်ရခဲ့အပြီး မစ္စတာမော်စီ ဟာ သူ့ရဲ့ အရပ်သားအစိုးရအဖွဲ့ ဖွဲ့စည်းရေး အာရုံစိုက် လုပ်ဆောင် နေတာဖြစ်ပါတယ်။ သူ့ရဲ့အစိုးရအဖွဲ့ထဲမှာ ဒုတိယသမ္မတတွေအဖြစ် လူစုံ ပါဝင်ရေးအပါအဝင် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အစ္စလာမ်မစ်ဝါဒီ ရွေးကောက်ခံသမ္မတဟာ နိုင်ငံတွင်းမှာ အကွဲကွဲအပြားပြားဖြစ်နေတာတွေကို ကုစားရေးနဲ့ အီဂျစ်နိုင်ငံသား အားလုံးကို စည်းရုံးသိမ်းသွင်းနိုင်ရေးလို ခက်ခဲတဲ့ လုပ်ငန်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူဟာ မူဆလင်မ်ညီအကိုတော်များ အဖွဲ့နဲ့ အဲဒီအဖွဲ့က ထူထောင်ထားတဲ့ လွတ်လပ်မှုနဲ့ တရားမျှတရေး ပါတီ ကနေ နှုတ်ထွက်ထားပြီးပြီဖြစ်ပါတယ်။ ဒါဟာဖြင့် ညီညွတ်ရေးအစိုးရတရပ်ဖွဲ့စည်းရေး မျှော်လင့်ချက်နဲ့ တခြားပါတီတွေကို အချက်ပြလိုက်တဲ့သဘောလည်းဖြစ်ပါတယ်။

ဒါပေမဲ့လည်း အီဂျစ်နိုင်ငံရဲ့ တော်လှန်ရေးကာလလွန် သမ္မတမှာ အာဏာဘယ်လောက်ရှိမှာလဲဆိုတဲ့ မေး ခွန်းတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

အီဂျစ်နဲ့အီရန်နိုင်ငံတို့အကြား ဆက်ဆံရေး ခိုင်မာအားကောင်းချင်တယ်ဆိုပြီး ရွေးကောက်ခံအီဂျစ်သမ္မတ Mohammed Morsi ကပြောတယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

အီရန်နိုင်ငံနဲ့ ပိုပြီး နီးကပ်တဲ့ဆက်ဆံရေးရှိမယ်ဆိုရင် ဒေသတွင်းမှာ မဟာဗျူဟာမြောက် ဟန်ချက်ညီ အခြေ အနေကို ဖန်တီးနိုင်မယ်ဆိုပြီးတော့ မစ္စတာမော်စီက ပြောတာကို အစိုးရအာဘော်တပိုင်း Fars သတင်းဌာနက ဒီကနေ့ တနင်္လာနေ့မှာ ကိုးကားဖော်ပြခဲ့တာပါ။ အီဂျစ်နဲ့အီရန်တို့အကြား သံတမန်အဆက်အသွယ် မရှိခဲ့တာ ၁၉၈၀ ပြည့်နှစ် ကတည်းကဖြစ်ပါတယ်။

မစ္စတာမော်စီကို အီဂျစ်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ရွေးကောက်ပွဲကော်မရှင်က မကြေညာခင် နာရီအတော်စောစော တနင်္ဂနွေနေ့မှာ မစ္စတာမော်စီက အဲဒီလို ပြောခဲ့တယ်လို့ သတင်းကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအတွက် လုပ်ဆောင်သွားမှာဖြစ်ပြီးတော့ အီဂျစ်နိုင်ငံဟာ ငြိမ်းချမ်းရေးလိုလား တဲ့နိုင်ငံ ဖြစ်တာကြောင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေကို လိုက်နာသွားမယ် လို့ နောက်ပိုင်းပြော ခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းထဲမှာ မစ္စတာမော်စီက ပြောသွားပါတယ်။

အီဂျစ်နိုင်ငံဟာ အစ္စရေးလ်နိုင်ငံနဲ့ ၁၉၇၉ ခုနှစ်က ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့တာကြောင့် အစ္စရေး နဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ ပထမဆုံး အာရပ်ဘ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အီဂျစ်နိုင်ငံက မူစလင်ညီအကိုတော်များ အဖွဲ့ဟာ အစ္စရေးလ်နိုင်ငံကို အပြင်းအထန်ဝေဖန်တဲ့အဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ်ကို မဖျက်ပစ်ပါဘူး လို့ ပြောဖို့ ငြင်းဆန်ထားပါတယ်။

XS
SM
MD
LG