သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ် သမ္မတနဲ့ တွေ့မည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ခရီးစဉ်နောက်ဆုံးအဖြစ် ပြင်သစ်နိုင်ငံ Paris မြို့တော်မှာ ရောက်နေပါပြီ၊ ပြင်သစ်ကိုရောက်တဲ့အခါ သမ္မတ Francois Hollande, နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius တို့နဲ့ တွေ့ဆုံ၊ ညစာစားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ ရှိသလို ပြင်သစ်နိုင်ငံရဲ့ နာမည်ကြီး Sorbonne တက္ကသိုလ်မှာလည်း ကျောင်းသား ကျောင်းသူတွေနဲ့ အမေးအဖြေ ဆွေးနွေးခန်းတစ်ခု ပြုလုပ်မှာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်သစ်ခရီးစဉ်အကြောင်း မစုမြတ်မွန်က ဆက်ပြောပြပါမယ်၊

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ Euro Star အဝေးပြေးရထားနဲ့ ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို Paris မြို့မှာ ပြင်သစ်အစိုးရတာဝန်ရှိသူတွေ ကြိုဆိုခဲ့ပါတယ်၊ ဂါဒူနော့ Gare du Nord ဘူတာရုံ ကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာချိန်မှာ တွေရတဲ့ အခြေအနေကို အဲဒီမှာ သွားကြိုခဲ့တဲ့ ကိုထင်ကျော် က ခုလို ပြောပါတယ်၊

“ဒေါ်အောင်ဆန်းစုကြည်က နေ့လယ် ၂နာရီနဲ့ ၄၇မိနစ်မှာ ရောက်လာပါတယ်။ ကြိုတဲ့သူတွေ ကတော့ ပြင်သစ် မှာ ရှိတဲ့ မြန်မာမိသားစုတွေ၊ ပြင်သစ် အဖွဲ့အစည်းတွေ မြန်မာပြည်အရေး လုပ်နေကြတဲ့ ပြင်သစ် အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်ရေးအရ ဒေါ်အောင်ဆန်းစုကြည် ကို လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေ လာရောက် ကြိုဆိုကြပါတယ်။ လာကြိုတဲ့အထဲမှာတော့ ကျနော်တို့ အယောက် ၂၀၀ လောက် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို အစိုးရ ကိုယ်စားလှယ်များကလည်း လာကြိုပါတယ်။ အဲဒီ အစိုးရ ကိုယ်စားလှယ်တွေကတော့ သူတို့ ပထမ အစီအစဉ်အရ နိုင်ငံခြားရေးဝန်ကြီး လာကြိုမယ်လို့ လုပ်ထားပြီးမှ အစီအစဉ် ပြောင်းသွားတဲ့အတွက် စိုက်ပျိုးရေးဝန်ကြီး ကိုယ်တိုင် လာကြိုတာ တွေ့ရပါတယ်။ လုံခြုံရေးတွေ ကတော့ အယောက် ၇၀၊ ၈၀ လောက် ရှိတယ်။ လုံခြုံရေးတွေက ဒေါ်အောင်ဆန်းစုကြည် ကို ဝိုင်းပြီးတော့ ကာပြီးတော့ ခေါ်သွားတဲ့အတွက် ကျနော်တို့ သေချာ မနှုတ်ဆက်လိုက်ရဘူး။ နောက်ပြီး သတင်းထောက် တွေတောင်မှ ဘာမှ အင်တာဗျူး မလုပ်လိုက်ရဘဲနဲ့ ကားပေါ်ကို အတင်း ခေါ်တင်သွား ပါတယ်။”

ပြင်သစ်စံတော်ချိန် ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်သမ္မတ Francois Hollande နဲ့ တွေ့ဆုံဖို့ ရှိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ Paris မှာနေတဲ့ ပြင်သစ် နိုင်ငံရောက် မြန်မာလူမျိုးများအဖွဲ့က ကိုထွေးက သူသိထားသလောက် ခုလို ပြောပြပါတယ်။

“ ဒီနေ့ အစီစဉ်က သူက ဘူတာကို ရောက်တာနဲ့ ခဏ ဟိုတယ်မှာ သွား နားမယ်။ ညနေ ၄နာရီ အရောက် သမ္မတရုံးကို သွားမယ်။ ညနေ ၆နာရီမှာ သမ္မတနဲ့ သတင်းစာ ရှင်းလင်းပွဲ ရှိမယ်၊ ပြီးတော့ ည ၈နာရီမှာ ညစာစားပွဲ ရှိတယ်၊ ဒီနေ့ညကတော့ ဒီအစီအစဉ်ပါပဲ”

အဲဒီတော့ နောက်နေ့အစီအစဉ်တွေရော သိရပါပြီလား။

“ဟုတ်ကဲ့၊ ကျနော် အကြမ်းဖျင်း သိထားတာတော့ ရှိပါတယ်၊ မနက် ၈နာရီခွဲကနေ ၁၁ နာရီ မှာ ပြင်သစ် နိုင်ငံ မှာ ရှိတဲ့ ဗမာ မိသားစုတွေနဲ့ တွေ့ဖို့ အစီအစဉ်တွေ ရှိတယ်၊ နေ့ခင်း ၁၂နာရီကနေ ၁နာရီခွဲ အထိကို ပဲရစ်မြို့တော်ဝန်က ပေးထားတဲ့ ပါရီမြို့ကြီးသူဘွဲ့ ကို လက်ခံယူမယ်၊ ညနေ ၄ နာရီ မှာ ပြင်သစ်မှာ ရှိတဲ့ NGO အဖွဲ့အစည်းတွေနဲ့ မေးဖြေခန်း ရှိတယ်၊ ည ၈နာရီမှာ နိုင်ငံခြားရေး ဝန်ကြီး ဌာနက တည်ခင်း ဧည့်ခံ တဲ့ ညစာစားပွဲ ရှိပါတယ်၊ သဘက်ခါ ကြာသပတေးနေ့ မနက်ပိုင်းမှာ သတင်း ဌာနတွေ နဲ့ အမေးအဖြေတွေ လုပ်ဖို့ ရှိပါတယ်၊ ပြီးတော့ နေ့ခင်းမှာ Sorbonne တက္ကသိုလ် မှာ ကျောင်းသား တွေကို မိန့်ခွန်း ပြောမယ်၊ နောက်ပိုင်းမှာ ကျောင်းသားတွေနဲ့ အမေးအဖြေခန်း ရှိမယ်၊ ကျနော်တို့ ပြင်သစ်မှာ ဒီကနေ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေပြီး သောကြာနေ့မှာ ပြန်မယ်”

Elysee နန်းတော်မှာ ပြင်သစ် သမ္မတ Hollande ၊ နိုင်ငံခြားရေးဌာနရဲ့ Quai d’Orsay အဆောက်အဦးမှာ နိုင်ငံခြားရေးဝန်ကြီး Laurent Fabius၊ မြို့တော်ဝန်ရုံးမှာ Bertrand Delanoe တို့နဲ့တွေ့ဆုံ မယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ ပြင်သစ် သတင်း မီဒီယာတွေ မှာလည်း တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြနေကြပါတယ်၊

“သတင်းစာတိုင်း၊ ကျနော်တို့ Paris မှာ အလကားဝေတဲ့ သတင်းစာတွေ ရှိတယ်၊ အဲဒီ သတင်းစာတိုင်း မှာ ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်ကို ရောက်လာမယ်၊ ၃ရက်နေမယ် ဆိုတာတော့ အနည်းဆုံး ပါတယ်၊ သတင်းစာကြီးတွေမှာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို တော်တော် များများ တွေ့ရတယ်”

လူ့အခွင့်အရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သူမတူအောင် ရုန်းကန်ကြိုးပမ်းမှုအတွက် ပြင်သစ် နိုင်ငံက ဂုဏ်ပြုမှာဖြစ်သလို မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ တက်တက် ကြွကြွ ထောက်ခံမှု ပေးသွားမှာဖြစ်တယ် ဆိုတဲ့ ပြင်သစ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူရဲ့ အပြောကို ပြင်သစ်ကလာတဲ့ သတင်းတွေမှာ ကိုးကား ဖော်ပြထားပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဟာ ပြင်သစ်နိုင်ငံရဲ့ အကြီးအကဲတွေအပြင် ပြင်သစ်နိုင်ငံက အစိုးရအဖဲ့ွမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေနဲ့ လည်း တွေ့ဆုံမှာဖြစ်သလို စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အမျိုးသမီးများ ဆွေးနွေးပွဲ ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က အထူး ဧည့်သည်တော် အဖြစ်နဲ့ တက်ရောက်မှာ ဖြစ်ပါ တယ်၊ ပြင်သစ်ရောက် မြန်မာ မိသားစုတွေ ကလည်း မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံရဖို့ စိတ်လှုပ်ရှားနေကြပါတယ်။

“မြန်မာတွေကတော့ တော်တော် စိတ်လှုပ်ရှားနေကြပါတယ်၊ မြန်မာတွေက မနက်ဖြန်မနက် ၉နာရီ က နေ ၁၁နာရီခွဲကို လာချင်တဲ့သူတွေက အများကြီး ဖြစ်နေတယ်၊ အခန်းကို မြို့တော်ဝန်ရုံးက စီစဉ် ပေး ပြီးတော့ လူဦးရေ ၁၅၀ ကန့်သတ်လိုက်တဲ့အတွက် အထဲထဲ ဝင်လို့ မရတဲ့သူတွေက အများကြီး ဖြစ် နေတယ်၊ ဒါကြောင့် ဝင်လို့ရအောင် ကျနော်တို့ ကြိုးစားနေတယ်၊ ဝင်လို့ ရချင်မှလည်း ရမယ်”

ပြင်သစ်မှာက ဗမာတွေ ဘယ်လောက်လောက်ရှိလဲ၊ တခြား အနီးအနားနိုင်ငံတွေက ရှိတဲ့လူတွေရော လာ ကြလား။

"လောလောဆည် ကျနော့်ဆီမှာ နော်ဝေက ရှိတယ်၊ နယ်သာလန်က ရှိတယ်၊ အမေရိကားနဲ့ အင်္ဂလန် က လာတဲ့ လူတွေလည်း ရှိတယ်၊ ဂျာမနီကလည်း ရောက်နေတယ်၊ ပဲရစ်မှာကလည်း လူ ၁၅၀ လောက် ရှိနေ တယ်”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၃ ရက်နေ့ကစပြီး ဥရောပခရီးစဉ်ကို စတင်ခဲ့တာမှာ Switzerland, Norway, Ireland, Britain နဲ့ အခုနောက်ဆုံး ပြင်သစ်နိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်၊ အရင် သွားခဲ့ တဲ့ နိုင်ငံတွေတုန်းကလည်း နိုင်ငံတော် အကြီးအကဲတွေ၊ တော်ဝင် မိသားစုတွေက ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုတွေ့ဆုံ ဧည့်ခံခဲ့ကြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ် နိုင်ငံခြားရေးရုံးရဲ့ ပန်းခြံ ထဲမှာ လွတ်လပ်ရေးသစ်ပင်တပင်ကို စိုက်ပျိုးမှာဖြစ်တယ်လို့ ပြင်သစ် နိုင်ငံခြားရေးရုံးက ပြောပါတယ်ရှင်။

XS
SM
MD
LG