သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှမှာ မူးယစ်ဆေးထုတ်လုပ်သုံးစွဲမှု ပြန်မြင့်တက်


ATS လို့ ခေါ်တဲ့ amphetamine အမျိုးအစား စိတ်ကြွဆေးပြား မှောင်ခိုရောင်းဝယ်မှုနဲ့ သုံးစွဲမှုတိုးပွားလာတာ၊ တရားမဝင် တားမြစ်ထားတဲ့ ဆေးဝါးထုတ်လုပ်မှုနဲ့ သုံးစွဲသူတွေများပြားလာတာဟာ အာရှဒေသအတွက် ကြီးမားလာတဲ့ ပြဿနာဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။

အထူးသဖြင့် တရုတ်နဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒါတွေက ခေတ်စားနေတယ်လို့ UNODC က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တကမ္ဘာလုံးမှာ ဘိန်းထုတ်လုပ်မှု တိုးမြင့်မလာအောင် ထိန်းထားနိုင်ပေမယ့် အာရှဒေသမှာတော့ ဘိန်းထုတ်လုပ်မှု မြင့်မား လာနေတယ်လို့ အဲ့ဒီ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဟောင်ကောင် အပါအဝင် တရုတ်၊ မလေးရှားနဲ့ ဗီယက်နမ်တို့မှာ ဓာတုဗေဒနဲ့ ထုတ်ဖော်ထားတဲ့ ဆေးဝါးတွေ ကပ်တမင်းလို ဆရာဝန်ညွန်ကြားချက်နဲ့ ဝယ်ယူရတဲ့ ဆေးဝါးသုံးစွဲမှုလည်း များလာတယ်လို့ အစီရင်ခံစာမှာ ပါပါတယ်။ ဘရူနိုင်း ဂျပန် ဖိလစ်ပိုင်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ မက်သာဖက်တမင်းဆေးသုံးစွဲမှု များပြား တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘူတန်နဲ့ သီရိလင်္ကာနိုင်ငံတွေမှာတော့ ဆေးခြောက်သုံးစွဲမှုနဲ့ ATS ဆေးပြားသုံးစွဲမှု များပြားလာသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း မြို့ပြဒေသတွေမှာ များပြားလာနေတာပါ။ ဒါ့အပြင် မူးယစ်ဆေး ထိုးသွင်း သူ ဒေသထဲမှာ များလာတာမို့ AIDS ရောဂါဖြစ်ပွားနိုင်တဲ့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တဲ့ အန္တရာယ်လည်း ပိုကြီးမားလာနိုင်ပါတယ်။

XS
SM
MD
LG