ပြင်သစ်နိုင်ငံကိုရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဂုဏ်ထူးဆောင် ပဲရစ်မြို့တော်သူ ဆုကို လက်ခံရယူပါတယ်။ အစောပိုင်းက အဝေးရောက် မြန်မာနိုင်ငံသား မိသားစုတွေနဲ့ ပဲရစ်မြို့တော်မှာ တွေ့ဆုံရာမှာတော့ မြန်မာ့အရေး ညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းသွားခဲ့တာပါ။ ဥရောပခရီးစဉ်မှာ နောက်ဆုံးအဖြစ် ပြင်သစ်နိုင်ငံ ရောက်ရှိခိုက် အစိုးရ တာဝန်ရှိသူတွေနဲ့ရော မြန်မာအသိုင်းအဝိုင်းနဲ့ပါ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ် နောက်ဆုံး အခြေအနေကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
ဥရောပ ၅ နိုင်ငံခရီး နောက်ဆုံး အစီအစဉ်အဖြစ် ပြင်သစ်နိုင်ငံမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြို့တော်ဝန် အပ်နှင်းတဲ့ ပဲရစ်မြို့ရဲ့ဂုဏ်ထူးဆောင် မြို့တော်သူဆုကို လက်ခံရယူပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွေအတွက် ထင်ရှားတဲ့ ပြင်သစ်နိုင်ငံအနေနဲ့ အခုလိုဂုဏ်ပြုတဲ့အပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆုလက်ခံယူချိန်မှာ ပြောသွားခဲ့တာပါ။
လွတ်မြောက်ရေး၊ ညီမျှမှုနဲ့ စုစည်းညီညွတ်မှုတွေရဲ့အရသာကို အချိန်အတော်ကြာကတည်းက ခံစားနေကြရ သူတွေ အဖြစ်နဲ့ မြန်မာ နိုင်ငံသားတွေ ဒီမိုကရေစီ လိုလားနေကြတဲ့ ဆန္ဒတွေကိုလည်း နားလည်စေလိုတဲ့ အကြောင်း ပြင်သစ်ဘာသာနဲ့ ပြောတဲ့မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားခဲ့တာပါ။ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်ကြိုးပမ်းမှုတွေနဲ့အတူ ပြင်သစ်နိုင်ငံလို မိတ်ဆွေတွေနဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ သူအပါအဝင် မြန်မာနိုင်ငံလူထု စောင့်စားနေတဲ့ ဒီမိုကရေစီ ခရီးလမ်းမှာ လည်း ပြင်သစ်လူထုက နီးနီးကပ်ကပ် ရပ်တည်သွားလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောသွားပါတယ်။
ပြင်သစ်မြို့တော်ဝန် Bertrand Delanoehe ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ စွမ်းစွမ်းတမံ ကြိုးပမ်းနေသူ တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပဲရစ်မြို့တော်သူ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရာမှာ ပြောခဲ့တာပါ။
ကမ္ဘာကြီးကို သိစေချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲရစ်ဂုဏ်ထူးဆောင်မြို့တော်သူတဦးဖြစ် တယ်၊ ပဲရစ်မြို့တော်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနဲ့အတူ လူသားတွေ လွတ်လပ်ရေး အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်၊ အမျိူးသမီးတယောက်မှာ ရှိတဲ့ ကြင်နာမှု၊ ငြိမ်းချမ်းမှုနဲ့ အကြမ်းမဖက် တိုက်ပွဲ ဝင်မှုတွေကြောင့် ပဲရစ်မြို့ကြီးက လေးစားချစ်ခင်မြတ်နိုးရတာတာလည်း ဖြစ်တဲ့ အကြောင်း ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ပြောသွားတာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်မြို့တော်ဝန်ရုံးမှာ မြန်မာ မိသားစုတွေ နဲ့ တွေ့ဆုံ အားပေးစကားပြောရင်း မြန်မာ့အရေးမှာလည်း တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်း သွားတာ ဖြစ်ပါတယ်။ ပြင်သစ်ဒေသစံတော်ချိန် မနက်ပိုင်းက ၁ နာရီကျော်ကြာ တွေ့ဆုံချိန်မှာတော့ သီတင်း သုံးပတ်ကြာ ဥရောပခရီးစဉ်တလျှောက် အဝေးရောက် မြန်မာနိုင်ငံသားတွေကို မှာကြားနေသလို ပြင်သစ်နိုင် ငံရောက် မြန်မာတွေကိုလည်း ပြောခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သူတဦးဖြစ်တဲ့ မြန်မာ့အရေး လှုပ်ရှားသူ ကိုထင်ကျော်က ပြောပြပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာ အဓိက-ကတော့ အားလုံးညီညီညွတ်ညွတ်နဲ့လုပ်ဖို့၊ တကယ်လို့ တိုင်းပြည်ကို ပြန်မယ်ဆိုလို့ရှိရင်လည်း ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီး ပြန်ကြဖို့၊ ပြန်ပြီးတော့ အလုပ်လုပ်ကြ ဖို့ပေါ့။ နောက်ပြီးတော့ ဒီမိုကရေစီအရေးအတွက်၊ ဗမာပြည်အပြောင်းအလဲအတွက် ဝိုင်းဝန်းပြီးတော့ ကူညီကြဖို့ပေါ့နော်။"
ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ အကူအညီပေးရေး လုပ်ငန်းတွေက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဦးမှာ ဖြစ်ပါ တယ်။ ဒီနောက်မှာတော့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Laurent Fabius နဲ့ တွေ့ဆုံပြီး အမှတ်တရအဖြစ် လွတ်မြောက်ရေး သစ်ပင်တပင်ကို စိုက်သွားဖို့ ရှိသလို၊ ညနေပိုင်းမှာတော့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တည်ခင်းတဲ့ ညစာစားပွဲကို တက်ရောက်ဦးမှာပါ။
ကြာသပတေးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံက နာမည်ကျော် Sorbonne တက္ကသိုလ် မှာ လူငယ်ကျောင်းသားတွေကို တွေ့ဆုံစကားပြောမှာ ဖြစ်သလို၊ သောကြာနေ့ ခရီးစဉ် အဆုံးမသတ်မီ စီးပွားရေး၊ လူမှုရေးအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ နှီးနှောဖလှယ်ပွဲ တခုမှာလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပခရီးစဉ်အဖြစ် ဇွန်လ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံ မတိုင်မီမှာတော့ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်နဲ့ ဗြိတိန်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ၁၉၉၁ ခုနှစ် ကတည်းက ပေးအပ်ထားတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆု အပါအဝင် ဂုဏ်ထူးဆောင်ဆုတွေကို လက်ခံရယူခဲ့သလို အစိုးရအကြီးအကဲတွေ လွှတ်တော် တာဝန်ရှိသူတွေနဲ့လည်း ခရီးစဉ်တလျှောက် တွေ့ဆုံခဲ့တာ ဖြစ်ပါ တယ်။ ပြင်သစ်နိုင်ငံ ခရီးစဉ်အစအဖြစ် အင်္ဂါနေ့က ရောက်လာချိန်မှာတော့ နိုင်ငံအကြီးအကဲတွေကို လက်ခံကြိုဆိုလေ့ရှိသလို Elysee နန်းတော်မှာ သမ္မတ Francois Hollande က ညစာနဲ့ ဧည့်ခံကြိုဆိုခဲ့ တာလည်း ဖြစ်သလို ဗြိတိန်နိုင်ငံ ခရီးစဉ် အတွင်းမှာလည်း လွှတ်တော်မှာ သမိုင်းဝင်မိန့်ခွန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။