သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပဖလားပွဲစဉ် စပိန် ဗိုလ်လုပွဲတက်ပြီ


မနေ့ကဇွန်လ (၂၇) ရက်နေ့၊ ယူကရိန်းနိုင်ငံ ကိ-ဗ် (Kiev) မြို့တော်မှာ ၂၀၁၂ ဥရောပချန်ပီယံဖလား UEFA ဘောလုံးပြိုင်ပွဲရဲ့ ပထမ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အချိန်ပြည့် မိနစ် (၉၀)၊ နောက်ထပ် အချိန်ပိုမိနစ် (၃၀) ကစားပြီးကြတဲ့အထိ ဂိုးမရှိသရေ ဖြစ်နေတာကြောင့် ပယ်နယ်လ်တီ ငါးလုံးစီ သွင်းကြတာမှာ စပိန်က (၄) ဂိုးသွင်းနိုင်ပြီး ပေါ်တူဂီက (၂) ဂိုးပဲ သွင်းနိုင်တာကြောင့် စပိန်အသင်း အနိုင်ရပြီး ဖိုင်နယ်တက်သွားခဲ့ပါပြီ။

ပယ်နယ်လ်တီကို စပိန်က စသွင်းခွင့်ရပြီးတော့ စပိန်က ငါးလုံးသွင်းပြီးချိန်မှာ လေးလုံးဝင်ခဲ့ပါတယ်။ ပေါ်တူဂီ ကတော့ လေးလုံးသွင်းပြီးချိန်မှာ နှစ်လုံးပဲ ဝင်ခဲ့တာကြောင့် နောက်ဆုံး ငါးလုံးမြောက်ကန်သွင်းမယ့် ကမ္ဘာကျော် ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို (Cristiano Ronaldo)၊ ကန်ခွင့် မရဘူး ဖြစ်ခဲ့ရပါ တယ်။

ပုံမှန် မိနစ်(၉၀) ကစားချိန်မှာလည်း လက်ရှိကမ္ဘာ့ဖလားချံပီယံ စပိန်က ဖိကစားနိုင်ခဲ့တာပါ။ ဒါပေမယ့် နှစ်သင်းလုံးဟာ ခါတိုင်းလို အကောင်းဆုံးကစားကွက်တွေနဲ့ ခြေပေါ်အောင် မကစားနိုင်ခဲ့ကြပါဘူး။ စပိန်အသင်းနောက်ခံလူတွေက ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်လ်ဒိုကိုထိန်းပြီး ကစားသွား တာကြောင့် ရော် နယ်လ်ဒိုလည်း ခြေစွမ်း သိပ်မပြနိုင်ခဲ့ပါဘူး။ ရော်နယ်လ်ဒိုဟာ ဖရီးကစ် နှစ်ကြိမ် ကန်သွင်းခဲ့တာမှာ တစ်လုံးက ဘားတန်းကိုထိပြီး ပြန်ထွက်သွားပါတယ်။ နောက် တစ်ကြိမ်မှာတော့ ဘားတန်းပေါ် ကျော်သွားခဲ့ပါတယ်။

စပိန်ရှေ့တန်းယာလည်း ပေါ်တူဂီနောက်တန်းကို မကျော်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ဒီပွဲမှာ စပိန်အသင်းက နံမည်ကျော် ဆီးဘား အလွန်ဆို (Xiba Alonso) အပါအဝင် လေးဦး အဝါကဒ်ပြခံခဲ့ရပြီး ပေါ်တူဂီဘက်က ငါးဦး အဝါကဒ်ပြခံခဲ့ရပါတယ်။ ဒီပွဲမှာ အဆံးအဖြတ်ပေးမယ့် စပိန်အသင်းရဲ့ ငါးလုံးမြောက် ပယ်နယ်လ်တီကို ဆက်စ် ဖေးဘရီးဂက်(စ်) (Cesc Fabregas) က ကန်သွင်းတာမှာ ဘောလုံးဟာ ဘယ်ဘက်ဂိုးတိုင်ကို ထိမှန် ပြီး ဂိုးထဲကို ဝင်သွားခဲ့တာပါ။ ၂၀၀၈ ဥရောပချန်ပီယံဖလား ကွာတားဖိုင်နယ်ပွဲမှာလည်း အီတလီနဲ့ ကစားခဲ့တာမှာ စပိန်အသင်းအတွက် ပယ်နယ်လ်တီဘောလုံးကို ဖေးဘရီးဂက်(စ်)ကပဲ သွင်းပြီး အနိုင်ရခဲ့တာပါ။ အခု အနိုင်ရရှိခဲ့တဲ့ စပိန်အသင်းဟာ ဒီကနေ့ ပိုလန်နိုင်ငံမှာ ကစားကြမယ့် ဒုတိယ ဆီမီးဖိုင်နယ် ဂျာမဏီနဲ့ အီတလီတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ နောက်ဆုံး ဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG