သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီနဲ့ စပိန် ကြွေးမြီအရေး ဥရောပထိပ်သီးတွေ ဆွေးနွေး


ဥရောပခေါင်းဆောင်တွေက အီတလီနဲ့ စပိန်ရဲ့ကြွေးမြီတွေကို တိုက်ရိုက် ဝယ်ယူရေးအတွက် ယူရိုဇုန် ကယ်ဆယ်ရေး ရန်ပုံငွေကို အသုံးပြုမယ့်အလားအလာနဲ့ ပတ်သက်ပြီး အားပေးနေကြပါတယ်။ အီတလီနဲ့ စပိန်နိုင်ငံတို့ကို ဖေးမခြင်းအားဖြင့် သူတို့ပေးနေရတဲ့ အတိုးတွေ သက်သာစေတဲ့ နည်းလမ်းဖြစ်ပါတယ်။

Belgium နိုင်ငံ Brussels မြို့မှာကျင်းပနေတဲ့ ဥရောပ ထိပ်သီးတွေရဲ့ အကြိမ် ၂၀ မြောက်ညီလာခံမှာ ဥရောပ ကြွေးမြီပြဿနာကို မနေ့က ကြာသပတေးနေ့က အကျိတ်အနယ်ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ယူရိုငွေရဲ့အခြေအနေ၊ အီတလီနဲ့ စပိန်တို့ရဲ့ ကြွေးမြီ ပြဿနာတွေကြောင့် နိုင်ငံတကာ ငွေကြေးဈေးကွက် ဂယက်ရိုက်နေပြီး ဥရောပခေါင်းဆောင်တွေ အကျပ်ရိုက်နေကြတာဖြစ်ပါတယ်။

ယူရိုဇုန်ရဲ့ တတိယနဲ့ စတုတ္ထ စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အီတလီနဲ့စပိန်နိုင်ငံက ဒီရက်ပိုင်း အတွင်း တင်ရှိနေတဲ့ အကြွေးရဲ့ အတိုးဟာ ၇ % အထိ တိုးလာတာ တွေ့ရပါတယ်။ ဂရိ၊ အိုင်ယာလန်နဲ့ ပေါ်တူဂီနိုင်ငံတို့ ကတော့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကြွေးမြီပြဿနာကို နိုင်ငံတကာက ကယ်တင် ဖေးမခဲ့ရတာပါ။

တကယ်လို့ အီတလီနဲ့ စပိန်တို့ရဲ့အကြွေးတွေကို ယူရို ရန်ပုံငွေ သုံးပြီး ဖေးမခဲ့မယ်ဆိုရင် သူတို့ရဲ့ချေးငွေ အတွက် သုံးစွဲရတဲ့ ငွေ ပမာဏကိုလျှော့ချနိုင်ပြီး ကမ္ဘာ့ဈေးကွက်မှာလည်း ဂယက်ရိုက်မှု ပပျောက် သွားနိုင်တယ်လို့ တွက်ဆနေကြပါတယ်။

စပိန်ဝန်ကြီးချုပ် Mariano Rajoy (မာရီယားနိုး ရွာဟွိုင်း ) က သူ့အစိုးရအနေနဲ့ အတိုးနှုန်းတက်တဲ့ ဒဏ်ကို ရေရှည်ဆက်ပြီး ထိန်း ထားနိုင်မှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းဒ်က စပိန်ဝန်ကြီးချုပ်ရဲ့ သတိပေးမှု ကို ထောက်ခံလိုက်ပြီး အီတလီနဲ့ စပိန်ကို ပံ့ပိုးဖို့ အမြန်ဆုံး အဖြေရှာကြပါရန် ဒီထိပ်သီးညီလာခံမှာဆော်သြနေပါတယ်။

XS
SM
MD
LG