သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Burma လို့ ခေါ်ဝေါ်မှု NLD ခုခံချေပ


ပြည်ပခရီးစဉ်တွေအတွင်းမှာ မြန်မာကို Burma လို့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ခေါ်ဝေါ်သုံးစွဲ တာဟာ ဥပဒေနဲ့ဆန့်ကျင်တဲ့ကိစ္စ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိပုဂ္ဂိုလ်တွေ က ချေပလိုက်ကြပါတယ်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ကတော့ အခုလို ခေါ်ဝေါ်သုံးစွဲတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတဲ့အတွက် မြန်မာနိုင်ငံအဖြစ်နဲ့သုံးစွဲဖို့ အသိပေး အကြောင်းကြား တဲ့ အကြောင်းကို ဒီကနေ့ သတင်းစာထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ရန်ကုန်မြို့ကနေ ကိုရဲကျော်အောင်က သတင်းပေးပို့ထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမရဲ့မိန့်ခွန်းတွေမှာ မြန်မာနိုင်ငံကို Burma လို့ ပြောဆိုအသုံးပြုနေတဲ့ အပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဇွန်လ ၂၈ ရက်၊ ရက်စွဲနဲ့ မြန်မာနိုင်ငံလို့ သုံးစွဲဖို့ အသိပေး အကြောင်းကြားစာ တစ်စောင် ပေးပို့ထားတယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

ဖွဲ့စည်ပုံ အခြေခံဥပဒေ ပုဒ်မ (၄၀၅) မှာ ပါရှိတဲ့အတိုင်း နိုင်ငံရေးပါတီတွေအနေနဲ့ တည်ဆဲ ဥပဒေတွေ ကို လေးစားလိုက်နာပါမယ်လို့ ဆိုထားတဲ့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့လည်း ဒီဥပဒေတွေကို လေးစားလိုက်နာရမယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် က အကြောင်းကြားစာပေးပို့ပြီး သတင်းစာတွေမှာပါ သတင်း ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဇွန်လ ၁ ရက်နေ့က ထိုင်းနိုင်ငံမှာ ကျင်း ပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ မိန့်ခွန်း ပြောကြားခဲ့စဉ်က Myanmar ကို Burma လို့ သုံးနှုန်းခဲ့တာ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ အခန်း(၁) ပုဒ်မ (၂) မှာ ဖော်ပြချက်အတိုင်း Myanmar လို့ သုံးနှုန်းဖို့ ဇွန်လ ၁ ရက် နေ့ကလည်း အကြောင်းကြား စာ ပေးပို့ခဲ့ တယ်လို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့လာတဲ့ အကြောင်းကြားစာနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။

“အကြောင်းကြားစာပို့တာ ဟုတ်ပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့ ပို့ပေး တာ။ ဒေါ်အောင်ဆန်းစုကြည် ဒီစာကို မသိသေးဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတာ ကျနော် မပြောနိုင်သေးဘူး။ ကျနော်တို့မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေစာအုပ် -မှာ မြန်မာစာသာ အဓိက ။ နောက် မြန်မာလိုရေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက---။ အင်္ဂလိပ် ဘာသာပြန်က ဘယ်လို ပြန်မှန်းမသိဘူး။ တရားဝင် ဘာသာပြန်လို့လည်း မဖော်ပြထားဘူး။ အဲဒါကြောင့် Burma - Myanmar ဆိုတဲ့ဟာက အင်္ဂလိပ်လိုမှာ ပါတာ။ ဗမာလိုမှာက အရင်ကတည်းက မြန်မာနိုင်ငံပဲ၊ အခုလည်း မြန်မာနိုင်ငံပဲ။ ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ ဥရောပခရီးစဉ်မိန့်ခွန်းတွေမှာလည်း Myanmar ကို Burma လို့ ထပ်မံ သုံးစွဲပြောဆိုနေတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဇွန်လ ၂၈ ရက် ရက်စွဲနဲ့ အကြောင်းကြားစာတစ်စောင် ထပ်မံ ပေးပို့ရုံသာမက နိုင်ငံပိုင် သတင်းစာတွေရဲ့ စာမျက်နှာတွေမှာပါ ဒီနေ့ အတိအလင်းဖော်ပြလာတာကို မြင်တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က အခုလိုပြော ပါတယ်။

“ဗမာစကားနဲ့ပြောမယ်ဆိုရင်တော့ ရှောမွေး ဗာရာဏသီချဲ့ ဆိုတဲ့ စကားရှိတယ်ဗျ။ မဟုတ်တဲ့ အသေးအဖွဲ ကိစ္စတွေကို အကျယ်ချဲ့နေတာ။ ဥက္ကဋ္ဌပြောတဲ့ဟာ အင်္ဂလိပ်လို ပြောတဲ့အခါမှာ Burma လို့ ပြောတာ၊ ဗမာ လို ပြောတဲ့အခါမှာ မြန်မာနိုင်ငံလို့ပဲ ပြောတာပဲ။ သူ့ဟာနဲ့သူ ဒီလိုပဲ ကမ္ဘာကနေ သိတဲ့နာမည်ပေါ့ ဗျာ- ဘယ် လို အကြောင်းကြောင့်ပဲ သိသိ၊ ကိုလိုနီအစိုးရတွေက ခေါ်သွားတယ် ခေါ်ခေါ်၊ သတင်းစာထဲ က ရေးလို့ ပဲ ခေါ်ခေါ် နာမည်ပဲ၊ အရေးကြီးတာက အနှစ်သာရအားဖြင့် ဗမာပြည်ကို ကိုလိုနီခေတ် ပြန် သွင်းမယ်လို့ ပြောနေတာ မဟုတ်ဘူး။ အခြေခံ ဥပဒေနဲ့ မညီဘူး၊ ညီတယ် ဆိုတာကလည်း ရှင်းရှင်းပြော ရရင် အခြေခံ ဥပဒေနဲ့ သတ်မှတ် ပြဌာန်းတယ် ဆိုပေမဲ့လို့ ကမ္ဘာမှာ လူဦးရေ သန်းပေါင်း များစွာဟာ ဗမာကို Burma လို့ပဲ သိတယ်ဗျာ။ အဲဒီတော့ အဲဒါနဲ့ပတ်သက်ပြီး ကျနော် ပြောချင်တာက- ဒါ ကော်မရှင် တို့ ဘာတို့က မွေး ပြီးတော့ တမင် ချုပ်ကိုင်ချင်တဲ့သဘောပဲဖြစ်တယ်လို့-”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ရေးပါတီေတွေကို ကြပ်မတ်လာပုံနဲ့ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလိုသုံးသပ်ပါတယ်။

“သူ့ရဲ့လုပ်ပိုင်ခွင့်ထဲမှာ ပါတီတွေကို ကြိကြပ်ရမယ်ဆိုတာ ပါနေတော့ အဲဒီခေါင်းစဉ်အောက်က လုပ်နေ တယ် လို့ ထင်ပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတွေရဲ့ လုပ်ဆောင်ပုံတွေနဲ့ပတ်သက်ပြီး မကြာ ခဏ ခေါ်ပြောဆိုလေ့ရှိပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဉာဏ်ဝင်းကိုလည်း ရွေးကောက်ပွဲ ကာလအတွင်းက မမှန် သတင်းပေးပို့မှုနဲ့ ဇွန်လ ၁၄ ရက်နေ့က တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG