သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဆိုဘုန်းတက္ကသိုလ် ကျောင်းသားများနဲ့ တွေ့ဆုံ


ပြင်သစ်နိုင်ငံ၊ Sorbonne တက္ကသိုလ်ကျောင်းသားများနှင့် မြန်မာ့ပညာရေးဆွေးနွေးနေသော ဒေါ်အောင်ဆန်းစုကြည်။ (ဂျွန်လ ၂၈ ရက်၊ ၂၀၁၂။)
ပြင်သစ်နိုင်ငံ၊ Sorbonne တက္ကသိုလ်ကျောင်းသားများနှင့် မြန်မာ့ပညာရေးဆွေးနွေးနေသော ဒေါ်အောင်ဆန်းစုကြည်။ (ဂျွန်လ ၂၈ ရက်၊ ၂၀၁၂။)

မြန်မာနိုင်ငံမှာ အစိုးရပညာရေးစနစ်ကို ကောင်းမွန်တိုးတက်အောင်လုပ်ဖို့ လိုအပ်နေ တယ်လို့ ပြင်သစ်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ကို ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။ ပြင်သစ်တက္ကသိုလ်ကျောင်းသားတွေကို ပြောခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက အထင်ကရ Sorbonne တက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေနဲ့ အမေးအဖြေလုပ်စဉ်မှာ ခုလို မြန်မာနိုင်ငံက ပညာရေးကိစ္စအပါအဝင် နိုင်ငံရေးစီးပွားရေးကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြားသွားတာနဲ့ ပတ်သက်လို့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဥရောပခရီးစဉ် နောက်ဆုံးဖြစ်တဲ့ ပြင်သစ်နိုင်ငံမှာ အထင်ကရ Sorbonne တက္ကသိုလ် ကျောင်း သူကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲက ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဥရောပမှာ နောက်ဆုံး အများပြည်သူနဲ့ တွေ့ဆုံ ပွဲလို့ ပြောနိုင်ပါတယ်။ ပရိသတ်တွေ တော်တော်လေးများတဲ့ ဒီပွဲမှာ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ ပြင် သစ် ကျောင်းသူကျောင်းသားတွေက တော်တော်ကို စိတ်ဝင်တစား နဲ့ မေးခွန်းတွေ အစုံအလင် မေးကြတာ တွေ့ရပါတယ်။ အဲဒီထဲကမှ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ပိုင်ကျောင်းတွေဖွင့်တာနဲ့ ပတ်သက်လို့ မေးတဲ့မေး ခွန်း မှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေးအဆင့်အတန်း ကွာခြားနေတဲ့ အပေါ် သူစိုးရိမ်တယ်ဆိုတာကို ခုလို ပြောသွားပါတယ်။

အင်မတန်မှ ကံကောင်းကြတဲ့ကလေးတချို့ကတော့ ကျောင်းစရိတ် သိပ်ကို ဈေးကြီးတဲ့ အပြည်ပြည်ဆိုင် ရာကျောင်း International School တွေကို သွားနိုင်ကြတယ်။ ဒါပေမဲ့ အများစုကတော့ အစိုး ရကျောင်းတွေကိုပဲ တက်နေကြရပေမဲ့ ဒီအစိုးရကျောင်းတွေဆီက ပညာကောင်းကောင်း မရကြပါဘူး-တဲ့၊ ဒါတောင် မှ ကျောင်းလုံးဝ မတက်နိုင်တဲ့ ကလေးတွေက ၁၅ % ရှိပါတယ်-တဲ့၊ ကျောင်း တက်ကြတဲ့ ကလေးတွေ ထဲကလည်း အထက်တန်းပညာ အောင်တာ ၂၀ ရာခိုင်နှုန်းလောက်ပဲရှိကြတာတွေ့ရပါတယ်- တဲ့၊ ဒါကြောင့် မြန်မာနိုင်ငံမှာ ပညာကို ကျကျနနသင်နိုင်ကြသူ၊ အင်မတန်မှကို အခွင့်အရေးရသူက လူနည်းစု သာဖြစ်ပြီး အများစုက ကောင်း မွန်လုံလောက်တဲ့ ပညာရေးသင်ကြားမှု မရကြဘူး- လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောသွားတာပါ။

အများအားဖြင့် နိုင်ငံခြားသားတွေဖွင့်ထားကြတဲ့ ကျောင်းတွေမှာ ကျောင်းတက်နေကြတဲ့ ကလေးတွေ မြန် မာလို မပြောကြတော့တဲ့ကိစ္စကိုလည်း သူ စိုးရိမ်တယ်ဆိုတာကို ပြောသွားပါတယ်။ နိုင်ငံခြားဘာသာကို တတ်မြောက်ထားတာ ကောင်းပါတယ်-တဲ့။ ဒါပေမယ့် ကိုယ့်ဘာသာစကားကို မေ့တယ် ဆိုပြီးတော့လည်း ဂုဏ်ယူမနေသင့်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းတချို့ကို ပုဂ္ဂလိကပိုင်ဖွင့်ခွင့်ပေးတဲ့ တချိန်တည်းမှာပဲ အများစု လက်လှမ်းမှီတဲ့ အစိုးရ ပညာရေးစနစ်ကို တိုးတက်အောင် လုပ်ဖို့ အရေးကြီးတယ်။ လူငယ်တွေအလုပ်အကိုင် ရရှိနိုင်ရေး အသက်မွေး ဝမ်းကျောင်း ပညာသင်ကျောင်းတွေကို အများကြီးလိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Sorbonne တက္ကသိုလ်ကျောင်းသားတွေကို ပြောသွားပါတယ်။

နောက်တခါ မြန်မာနိုင်ငံမှာရှိကြတဲ့ တိုင်းရင်းသား လူမျိုးတွေအနေနဲ့လည်း သူတို့ရဲ့ ကိုယ်ပိုင်ဘာသာကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိသင့်တယ်လို့ ထင်တဲ့အကြောင်းကိုလဲ ဒီပွဲမှာပဲ ပြောသွားပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ သူတို့ဘာသာကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရှိသင့်ပါတယ်။ လောလော ဆယ်ကျောင်းတွေမှာ သူတို့ဘာသာစကားကို သင်ကြားခွင့် မရှိကြပါဘူး၊ အဓိက ဘာသာကိုလဲ ဖြစ်နိုင်ရင် ၂ ခုထားသင့်ပြီလို့ ထင်ပါတယ်။ အခုအချိန်မှာ အင်္ဂလိပ်ဘာသာကလဲ ရှောင်လွဲလို့ မရတဲ့ ဘာသာဖြစ်နေ ပါပြီ၊ ဒါကြောင့် မြန်မာနဲ့ အင်္ဂလိပ်ဘာသာ ၂ မျိုးသင်သင့်သလို တိုင်းရင်းသားဒေသတွေ ဘက်မှာဆိုရင် သူတို့ ကိုယ်ပိုင်ဘာသာစကားကိုလည်း သင်ကြားသင့်တယ်- လို့ထင်မြင်ကြောင်း ပြောသွားတာဖြစ်ပါ တယ်။ တဆက်တည်းပဲ ဖွ့ဲစည်းပုံ အခြေခံဥပဒေ အပေါ် ပြည်သူတွေက ယုံကြည် စိတ်ချတယ်ဆိုရင် Federal စနစ် ဆိုတာဟာ ခွဲထွက်ခြင်းဖြစ်တယ်လို့ ယူဆလို့ မရဘူး- ဆိုတာကိုလည်း ဒေါ်အောင်ဆန်း စုကြည်က ပြော ပါတယ်။ နောက်တခါ ပြင်သစ်ကျောင်းသား တယောက်က အာဆီယံ အဖွဲ့ဝင်ဖြစ် လို့ မြန်မာနိုင်ငံက လူငယ်တွေ ဘယ်လိုအကျိုးရှိမလဲလို့ မေးတဲ့ အမေးကို ဒေါ်အောင်ဆန်း စုကြည် ပြန်ဖြေတာက-

အာဆီယံအဖွဲ့ဝင်ဖြစ်လို့ မြန်မာနိုင်ငံ အကြီးအကျယ်ပြောင်းသွားမယ်လို့ သူ မထင်ပါဘူး-တဲ့၊ မြန်မာနိုင်ငံ ကို အာဆီယံက ဘာဖြစ်စေချင်တယ်ဆိုတဲ့ တောင်းဆိုမှုအပေါ်မှာ မူတည်ပါလိမ့်မယ်-တဲ့၊ ယေဘုယျ အားဖြင့်တော့ အာဆီယံက သူ့အဖွဲ့ဝင်နိုင်ငံတွေအပေါ် တွန်းတွန်းတိုက်တိုက် တောင်းဆိုတာမျိုး မရှိပါ ဘူး။ မြန်မာနိုင်ငံအနေနဲ့ စံတခုခုရောက်တဲ့ အခြေအနေဖြစ်ဖို့ လုပ်ရမယ်ဆိုတာမျိုး အခိုင်အမာတောင်း ဆိုရင်တော့ အများကြီး အထောက်အကူ ဖြစ်မှာပါ-တဲ့၊ လူငယ်တွေ ဘယ်လို အကျိုးရလဲ ဆိုတာ ပြောရ ရင်တော့- အာဆီယံနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုး လုပ်လို့ မြန်မာနိုင်ငံက လူငယ်တွေအတွက် ဘယ်လို သက်ရောက်မှု ရှိတယ်ဆိုတာကို ကြည့်ရပါမယ်-တဲ့၊ လူငယ်တွေအတွက် ပိုကောင်းတဲ့ စီးပွားရေး အခွင့်အလမ်းတွေ၊ ပိုမိုကောင်းမွန်တဲ့ ပညာအခွင့်အလန်းတွေ ရှိမှာလားဆိုတာအပေါ်မှာ မူတည်ပါတယ်- တဲ့၊ လောလောဆယ်မှာတော့ အာဆီယံကြောင့် မြန်မာလူငယ်အများ ဘယ်လို အကျိုးတွေ ရရှိနေတယ်ဆို တာ ပြောလို့ မရသေးပါဘူး- လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ကျမတို့အနေနဲ့ ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်လာဖို့ လုပ်ဖို့လိုတယ်ဆိုတာကိုလည်း အလေးထားပြီးပြော သွားပါ တယ်။

ကြာသပတေးနေ့က Paris မြို့မှာရှိတဲ့ Sorbonne တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံ ပွဲမှာပဲ ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးတခုတည်းက အဖြေမဟုတ်တဲ့အကြောင်း တိုင်းရင်းသားတွေအားလုံး လက်ခံတဲ့ နိုင်ငံရေးအဖြေရှာမှု လိုအပ်ကြောင်းကို လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောသွားခဲ့ပါတယ်။

နောက်တခါ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်ကိစ္စနဲ့ ပတ်သက်လို့ အမေးအဖြေလုပ်ကြတာမှာလည်း မြန် မာနိုင်ငံနဲ့ စီးပွားရေးလုပ်ကြမယ့် လုပ်ငန်းတွေ အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာမှာ ပွင့်လင်းမှုရှိဖို့ အလွန်ကို အရေးကြီးတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ကို ပြောပါတယ်။ နိုင်ငံခြား စီးပွားရေး သမားတွေ အထူးစိတ်ဝင်စားကြတဲ့ မြန်မာ့သယံဇာတတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်လို့ လည်း-

မြန်မာနိုင်ငံမှာ အမြောက်အများရှိနေတဲ့ သဘာဝ သယံဇာတတွေကို ပြုန်းတီးမသွားစေချင်ပါဘူး-တဲ့၊ ဒီ သဘာဝသယံဇာတတွေကြောင့်ပဲ မြန်မာနိုင်ငံ ပြဿနာဖြစ်ခဲ့ရတယ်ဆိုတာကိုလည်း သယံဇာတ ကျိန်စာ သင့်ခဲ့တယ်လို့ သူက တင်စားပြောသွားပါတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှု မရတာတောင် အရင် စစ် အစိုးရ ဟာ သယံဇာတတွေကို အမြတ်ထုတ်ပြီး နှစ်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့တာကို ဥပမာပေးပါတယ်။ ဒါကြောင့် ဒီကဏ္ဍတွေမှာ ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့ တာဝန်သိသိလုပ်ဖို့လိုတယ်။ ဒါပေမဲ့ ကဏ္ဍတိုင်း မှာ ကောင်း မွန်တဲ့ စီးပွားရေးကျင့်ဝတ်တွေအတိုင်း လုပ်ဖို့လိုတယ် - လို့ ဒေါ်အောင်ဆန်းစုကြည်က Sorbonne တက္ကသိုလ်မှာ ကျောင်းသူ ကျောင်းသားတွေ၊ တက်ရောက်နားထောင်တဲ့ ပရိသတ်ကို ပြော သွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဟိုးအရင်ကတည်းက သဘာဝဓာတ်ငွေ့တူးဖော်ရေးပိုင်းမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ပြင်သစ်ပိုင် Total ကုမ္ပဏီကိုလည်း ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမှုရှိရေးအတွက် ခဏခဏတိုက်တွန်းနေပါတယ် လို့လည်း ဆို သွားပါတယ်။ နောက် ရင်းနှီးမြှုပ်နှံမှုသစ်တွေဝင်လာရင် အရင်အစိုးရလက်ထက်မှာ အကျိုးအမြတ်တွေ ခံစားနေရတဲ့ သူတွေဆီကိုပဲ ထပ်ပြီး အကျိုးအမြတ်သစ်တွေ ရောက်သွားတာကို မလိုလားဘူး၊ အခွင့်အလမ်း သစ်တွေကို အားလုံး တန်းတူ ရရှိနိုင်ဖို့၊ ပွင့်လင်းမှုရှိဖို့ အရေးကြီးတာကို လည်း ထောက်ပြသွားပါတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူတွေအနေနဲ့ ပြည်သူတွေရဲ့ ဘဝတွေ တိုးတက်ရေး အတွက် ရေတိုအစီအစဉ်တွေ ဦးစားပေးလုပ်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဥရောပ နောက်ဆုံး ခရီးစဉ်ဖြစ် တဲ့ ပြင်သစ်နိုင်ငံမှာ ပြောခဲ့ပါတယ်။

Paris မြို့က Sorbonne တက္ကသိုလ်မှာ ကြာသပတေးနေ့ ညနေပိုင်းကလုပ်တဲ့ ဆွေးနွေးပွဲဟာ ဒေါ်အောင် ဆန်းစုကြည် လူထုနဲ့ နောက်ဆုံးတွေ့ဆုံပွဲဖြစ်ပါတယ်။ ဒီကနေ့ သောကြာနေ့မနက်ပိုင်း ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ ဥရောပခရီးစဉ် အဆုံးသတ်ပြီး ပြင်သစ်နိုင်ငံ က မြန်မာနိုင်ငံ ကို ပြန်လည် ထွက်ခွာ သွားပြီဖြစ်ပါတယ်ရှင်။

XS
SM
MD
LG