သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ခွင့် ရပြီ


မြန်မာနိုင်ငံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress For Democracy) ကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် မနေ့က ခွင့်ပြုလိုက်ပါ တယ်။ ဂျူလိုင်လ ၅ ရက် ကြာသပတေးနေ့၊ နေ့စွဲနဲ့ ဇိုမီး ဒီမို ကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဝင့်ကမ်းလျန် ဆီ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ပေးပို့ခဲ့တဲ့စာထဲမှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီတည်ထောင်ဖို့ ခွင့်ပြု လိုက်ကြောင်းနဲ့ ရက်ပေါင်း ၃၀ အတွင်း ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို အပြီးရွေးချယ်ပြီးတော့ မှတ်ပုံတင် ဖို့ ပြောဆိုထားတာပါ။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဒီအကြောင်းစာနဲ့ပတ်သက်ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ခဏရောက်ရှိနေတဲ့ ဇိုမီး တိုင်းရင်းသားခေါင်းဆောင် ပူကျင်ရှင်းထန်က အခုလို ပြော ပါတယ်။

“ကျနော်တို့ ဒါတွေက အဆင်သင့်ပါပဲ။ ရက်ပေါင်း ၃၀ အတွင်း မှာ လုပ်နိုင်မှာပါ။ ပါတီက အတွင်းရေးမှူး ရှိတယ်၊ ဘဏ္ဍာရေးမှူးတွေ ရှိတယ်။ ပါတီအသစ်လုပ်တဲ့အခါမှာ နည်းနည်းပါးပါး မိတ်ဆွေတွေခေါ်ပြီးတော့ - ဒါမှမဟုတ်ရင် လျှောက်ထားတဲ့သူ ၁၇ ယောက် ခေါ်ပြီးတော့ ဒီဥစ္စာ ဘယ်သူတွေ လုပ်မလဲဆိုတာ ဆုံးဖြတ်မယ်လေ။”

အခု ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ အရင် ၁၉၈၈ ခုနှစ်က ဇိုမီး အမျိုးသား ကွန်ဂရက် ပါတီအမည်နဲ့ မှတ်ပုံတင်ပြီး ၉၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေး ပါတီလည်းဖြစ် ပါတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ရွေးကောက်ပွဲကော်မရှင်ကနေ မြန် မာနိုင်ငံက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ဇိုမီးဆိုတာ မရှိတဲ့အတွက် တခြားအမည်နဲ့ မှတ်ပုံတင်ဖို့ ပြောဆို ခဲ့တဲ့အပေါ် ပူကျင်ရှင်းထန်တို့ဘက်ကနေ သမိုင်း အထောက်အထားတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ပြန် လည်တင်ပြခဲ့ကြပါတယ်။ ဒီတင်ပြချက်ကို ရွေးကောက်ပွဲကော်မရှင်ဘက်က လက်ခံခဲ့ပြီး ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတဲ့ အမည်သစ်နဲ့ မှတ်ပုံတင်ဖို့ကို အခုလို လက်ခံခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွား မှာဖြစ်ပြီး ပါတီရဲ့ အနာဂတ် ရည်မှန်းချက်နဲ့ပတ်သက်လို့လည်း ပူကျင်ရှင်းထန်က အခုလို ဆက်ပြောခဲ့ ပါတယ်။

“ကျနော်တို့ရည်မှန်းချက်ကတော့ နဂိုရ်ကတည်းကလုပ်ထားတာတွေကို ဆက်လက်ထိန်းသိမ်းမှာပါ။ ကျနော်တို့ မူက ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်နိုင်ရေးအတွက် ဒီမိုကရေစီ တည်တံ့ခိုင်မြဲဖို့၊ ဒါကတော့ ပထမ မူပါ။ ဒုတိယအနေနဲ့ ပင်လုံစာချုပ်မှာ ၁၉၄၈ ခုတုန်းက လုပ်ထားတဲ့ ပင်လုံ စာချုပ်၊ နောက်ပြီးတော့ --- ဆိုတဲ့ စာချုပ်ထဲမှာ ပါတဲ့အတိုင်း ပြည်ထောင်စု မြန်မာနိုင်ငံကို တည်ထောင်တဲ့ အခါမှာ ဒီမိုကရေစီရေးထဲမှာလည်းပဲ --- ဖြစ်ပြီးသားဆိုတော့ လူမျိုးပေါင်းစုံ နေထိုင်တဲ့နေရာ - အဲဒါကို ပင်လုံစာချုပ်မှာ ပါတဲ့အတိုင်း ဒီ ဖက်ဒရယ်ပုံစံနဲ့မှ ပြည်ထောင်စုခိုင်မြဲမယ်ဆိုတာ- ဖက်ဒရယ်ပုံစံနဲ့ ဖွဲ့စည်းပုံ တည်တံ့ခိုင်မြဲစွာ ရေးသားနိုင်ဖို့ - အဲဒီဥစ္စာလည်း ဒုတိယ မူ အဖြစ် ဖြစ်မှာပါ။”

လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ခဏရောက်ရှိနေတဲ့ ဇိုမီးတိုင်းရင်းသားခေါင်းဆောင် ပူကျင်ရှင်း ထန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဇိုမီး တိုင်းရင်းသားဦးရေ ၃ သိန်းဝန်းကျင်ရှိတယ်လို့လည်း ပူကျင်ရှင်းထန် က ပြောပြခဲ့ပါတယ်ရှင်။

XS
SM
MD
LG