သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ပထမဆုံးအကြိမ် ညီလာခံဆွေးနွေးပွဲတက်ရောက်


NLD ဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် လွှတ်တော်ညီလာခံ တက်ရောက်လာစဉ်။ (ဇူလိုင်လ ၉ ရက်၊ ၂၀၁၂။)
NLD ဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် လွှတ်တော်ညီလာခံ တက်ရောက်လာစဉ်။ (ဇူလိုင်လ ၉ ရက်၊ ၂၀၁၂။)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇူလိုင်လ ၉ ရက် နေ့မှာ နေပြည်တော်မှာ ကျင်းပနေတဲ့ စတုတ္ထပုံမှန်လွှတ်တော် အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို လွှတ်တော်နိုင်ငံရေးတွေမှာ ပါဝင်လာတဲ့ အတွက် ဒီမို ကရက်ပါတီအများစုက အားတက်ခဲ့ကြပြီး လွှတ်တော်တွင်းမှာ အရင်ကထက် ပိုပြီး လုပ်ဆောင် လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။ အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပေးပါရှင်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စတုတ္ထပုံမှန်လွှတ်တော် အစည်းအဝေး ရဲ့ ဒုတိယအပတ် အစဖြစ်တဲ့ တနင်္လာနေ့မှာ ပဲ ပထမဆုံးအကြိမ်အဖြစ်နဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို တက်ရောက်လာခဲ့တာပါ။ နှစ်ပေါင်း ၂၀ ကျော်ကြာ ဒီမိုကရေစီရေးအတွက် ရုန်းကန် လှုပ်ရှားခဲ့ပြီးနောက် ပထမဆုံးအကြိမ် လွှတ်တော်နိုင်ငံရေးထဲ ဝင်ရောက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က -

“အမေအမြဲ ပြေပြီးပြီးပဲ။ ကြိုးစားမယ်လို့- အလုပ်လုပ်ဖို့ပဲ…..”

လွှတ်တော်အစည်းအဝေးခန်းမထဲကို မဝင်ခင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာပါ။ အသက် ၆၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၈ ရက်ကြာ ဥရောပ ၅ နိုင်ငံခရီးစဉ် ပြန်လာပြီးနောက် ခရီးပန်းလွန်း တဲ့အတွက် ဇူလိုင်လ ၄ ရက်နေ့မှာ ပြန်စတဲ့ လွှတ်တော် အစည်းအဝေး ပထမအပတ်ကိုတော့ မတက်ရောက်နိုင်ခဲ့ပါဘူး။ ကျန်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်အားလုံးကိုတော့ အစည်းအဝေး စတဲ့ ပထမပတ်မှာပဲ အားလုံး တက်ရောက် ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်မှုကနေ အရပ်သား အစိုးရ အုပ်ချုပ်မှုစနစ်ကို ပြောင်းလဲခဲ့ပြီးတဲ့နောက် - ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ ကလည်း ရွေးကောက်ပွဲ ဝင်ပြီး လွှတ်တော်တက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ NLD ပါတီက အများစု ကို အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD က လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာတဲ့အတွက် ကျန် မဟာမိတ် ဒီမိုကရက်ပါတီတွေကလည်း ဝမ်းသာ အားတက်ခဲ့ကြပြီးတော့ သူတို့အနေနဲ့ လွှတ်တော်တွင်းမှာ အရင်ကထက် ပိုပြီး ဆောင်ရွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။

“ကျနော်တို့လွှတ်တော်မှာရှိတဲ့ ဒီမိုကရက်တစ် ပါတီတွေ၊ အမတ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကုန်လုံး မျှော်လင့်နေကြတာပါ။ ဒေါ်အောင် ဆန်းစုကြည်က နိုင်ငံတကာခေါင်းဆောင်အဆင့် အရည်အချင်း ရှိတဲ့ ပုဂ္ဂိုလ်တယောက်မို့လို့ လွှတ်တော်မှာ သူရောက်လာတဲ့ နောက်ပိုင်းမှာ လုပ်ရ ကိုင်ရ တာတွေ၊ ပြောရ ဆိုရတာတွေ ပိုပြီးတော့အဆင်ပြေလာမယ်၊ လုပ်နိုင် ကိုင်နိုင်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ် ခင်ဗျာ။ ကျနော်တို့ကိုယ်တိုင်ကလည်း အခြေအနေတွေကို တင်ပြပါတယ်။ မေးခွန်းတွေကို မေးခဲ့ပါတယ်။ NLD ရောက် လာပြီးနောက်၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး နောက် ကြားဖြတ်လွှတ်တော်မှာ ပိုပြီးတော့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ လုပ်ရတာ အဘက်ဘက်က ပြည့်စုံလာလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျတော့ ကျနော်တို့က တဘက်က ဒီမိုကရေစီကို လိုလားတဲ့ နိုင်ငံတော်ရဲ့ ဦးဆောင်ဦးရွက်ပြုနေတဲ့ ပုဂ္ဂိုလ် တယောက်လို့ အမြင်က ကျနော်တို့မှာ ရှိပြီးသား ဆိုတော့လေ- နဂိုရ်ကတည်းက စိတ်ရင်းအခံက သူ့ဆီမှ ကျနော်တို့က လုပ်နိုင်လိမ့်မယ်ဆိုတဲ့ အားကိုးချင်စိတ်က ရှိတဲ့အတွက်ကြောင့် တိုင်းရင်းသားပါတီ အကုန်လုံးက အမတ်တွေရော သူရောက်လာတဲ့အပေါ်မှာ ရွှင်ရွှင်ပျပျနဲ့ ကျနော်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့ အတိုင်းအတာတွေ ရှိနေပါတယ်ခင်ဗျ။”

ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ဖြစ်ပါတယ်။ အစည်းအဝေး ခဏအားလပ်ချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါ အဝင် တခြားနိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ ဒီကနေ့ လွှတ်တော် အစည်းအဝေးတွေမှာတော့ ၂၀၁၂ မြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုခဲ့ပြီး ဒီကနေ့ ဆွေးနွေးတင်ပြချက်တွေ အတည်ပြုချက်တွေနဲ့ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်က ဝင်ရောက်ဆွေးနွေးတာတွေ၊ အဆိုတင်သွင်းတာတွေ မေးမြန်းတာတွေကို မလုပ်ခဲ့ဘူး လို့လည်း ဦးဖေသန်း က ဆက်ပြောပြပါတယ်။

“၂၀၁၂ မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥပဒေကြမ်းလို့ ခေါ်ပါတယ်။ အဲဒါကို ကျနော်တို့က တပိုဒ်ချင်းဆွေးနွေးပြီးတော့ အတည်ပြုပါတယ်။ နောက် ၂၀၁၂ မြန်မာစာအဖွဲ့ ဥပဒေကြမ်းကိုလည်း ဒီနေ့စပြီး တင်သွင်းပါတယ်။ အဲဒါ ကျတော့ မနက်ဖြန် တပိုဒ်ချင်းဆွေးနွေးပြီး အတည်ပြုမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကျတော့ ဒီနေ့ မှ ရောက်တာဆိုတော့ သူကြားတာလည်း တင်ထားတာရှိမှာပေါ့နော်။ လွှတ်တော်ထဲမှာတော့ ကြိုပြီးတော့ ၁၅ ရက်လောက် မေးခွန်းတွေ၊ အခြေအနေတွေ တင်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် ကြို တင်ထားသလဲဆိုတာ ကျနော်တို့ မသိသေးပါဘူး။ ဒါပေမဲ့ ဒီနေ့ လွှတ်တော်ရဲ့ အစည်းအဝေး ခေါင်းစဉ်တွေ အရ မနက်ဖြန် အစည်းဝေး ကျမှပဲ ဒေါ်အောင်ဆန်းစုကြည် မေးတဲ့ မေးခွန်းတွေ၊ တင်တဲ့အဖြေတွေ မပါသေးတာ သိရပါတယ်ခင်ဗျ။”

RNDP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ကျန်းမာရေး အခြေ အနေကြောင့် ရာထူးကနေ အနားယူသွားတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးနေရာ အစားထိုးရေး အမည် စာရင်းကို မနက်ဖြန် နောက်ဆုံးတင်သွင်းဖို့ လွှတ်တော်မှာ သတ်မှတ်ထားပေမဲ့ ဒီနေ့ထိတော့ အမည်စာရင်း တင်သွင်းတာ မရှိခဲ့ဘူးလို့လည်း ဦးဖေသန်းက ပြောပြခဲ့ပါတယ်ရှင်။

XS
SM
MD
LG