သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကလေးစစ်သားပပျောက်ရေး လုပ်ငန်းအစီအစဉ် လက်မှတ်ရေးထိုး


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ် Radhika Coomaraswamy မြန်မာနိုင်ငံကို ဂျွန်လကုန်ပိုင်းတုန်းက လေးရက်ကြာ လာရောက်ခဲ့ပြီးတော့ ကလေးစစ်သား အသုံးပြုမှုပပျောက်ရေး ကုလသမဂ္ဂ၊ UNICEF နဲ့ မြန်မာအစိုးရကြားမှာ Action Plan လို့ခေါ်တဲ့ လုပ်ငန်းအစီအစဉ် တရပ် လက်မှတ်ထိုးပွဲ တက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ မစ္စ် ကူးမာရ်ဆွာမိက နယူး ယောက်မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

သက္ကရာဇ် ၂၀၀၅ ခုမှာ ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၆/၁၂ အရ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ အခြေအနေများမှာ ကလေး သူငယ်များရဲ့အခွင့်အရေးတွေ ဆိုးရွားစွာ ဖောက်ဖျက်နေမှု ၆ ခုနဲ့ပတ်သက်လို့ အစီရင်ခံဖို့ ကုလသမဂ္ဂဦးဆောင်တဲ့ စောင့်ကြည့်ရေးနဲ့ အစီရင်ခံရေး ယန္တရားကို မ,တည်ခဲ့ ရာမှာ အရွယ်မရောက်သေးသူများကို စစ်သားများအဖြစ် အသုံးပြုခဲ့တဲ့ နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံလည်း ထည့်သွင်းခြင်း ခံထား ရတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ညွှန်ကြားချက်အရ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်အနေနဲ့ မြန်မာကလေးများ အခြေအနေအကြောင်းကို အစီခံတင်သွင်းဖို့ လိုအပ်တဲ့အတွက် လည်း ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ မစ္စ် Radhika Coomaraswamy ဟာ ဒုတိယအကြိမ် ဇွန်လကုန်ပိုင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ခရီးစဉ် ဦးတည်ချက်နဲ့ပတ်သက်လို့ မစ္စ် Coomaraswamy ပြီးခဲ့တဲ့သီတင်းပတ်၊ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသွားတာကတော့ -

“မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကျမခရီးစဉ်ရဲ့ဦးတည်ချက်က Action Plan လုပ်ငန်းအစီအစဉ်တရပ် လက်မှတ်ရေးထိုးတာကို သက်သေပြုဖို့ ဖြစ်ပါ တယ်။ သိတဲ့အတိုင်းပါပဲ။ ဒါဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ် ချက် အရ ကလေးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တဲ့နိုင်ငံတွေစာရင်းကို တင်ပြရတာ ဖြစ်ပါတယ်။ မြန် မာနိုင်ငံက တပ်မတော်နဲ့အတူ တခြား အစိုးရမဟုတ်တဲ့ အုပ်စု ၆ ဖွဲ့က ကလေးစစ်သားတွေကို အသုံးပြုနေ တာ ဖြစ်ပါတယ်။ ဒီစာရင်းက နေ ပယ်ဖျက်ပေးဖို့ရာ လုပ်ငန်းအစီအစဉ်တရပ်ကို လိုက်နာ ဆောင်ရွက်ဖို့ လိုပါတယ်။ ကလေးစစ်သားတွေကို ရွေးထုတ်နိုင်ဖို့၊ ဘယ်သူ ဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကို ထုတ်ဖော်ဖို့နဲ့ ကလေးစစ်သားတွေကို နေရပ်ရင်းထဲ ပြန်ပို့ပေးဖို့ ဖြစ်ပါတယ်။”

ဒီ Action Plan လုပ်ငန်းအစီအစဉ်ကို ရေးဆွဲနိုင်ဖို့ ညှိနှိုင်းခဲ့ရာမှာ ငါးနှစ်ကြာခဲ့ပြီး မြန်မာအစိုးရနဲ့ UNICEF အပြင် ILO အပါအဝင် ဌာနေ ညှိနှိုင်းရေးမှူး ရုံးတို့က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ် အသေးစိတ်နဲ့ ပတ်သက်လို့ မစ္စ် Coomaraswamy က -

“ဒီလုပ်ငန်းအစီအစဉ်က အသေးစိတ်ကျပါတယ်။ ကာလအပိုင်းအခြားက ၁၈ လ ကြာပါတယ်။ ကလေး စစ်သားတွေ စုဆောင်းနေတာကို ချက်ခြင်း ရပ်တန့် ဖို့၊ စစ်သားစုဆောင်းတဲ့စနစ်ကို သေသေချာချာ စစ်ဆေးနိုင်ဖို့၊ ကလေးစစ်သားတွေ မည်သူ မည်ဝါတွေဖြစ်တယ်ဆိုတာကို စစ်ဆေးပြီး မှတ်ပုံတင်ဖို့၊ ကလေး စစ်သားအသုံးပြုမှု ပပျောက်ရေးနဲ့ပတ်သက်လို့ နိုးကြားမှုရှိစေဖို့၊ ကလေးစစ်သား စုဆောင်းသူတွေကို ထိထိရောက်ရောက် အရေးယူဖို့၊ စစ်စခန်း တွေ၊ အကျဉ်းစခန်းတွေကို သွားရောက် စစ်ဆေးခွင့်ပြုဖို့၊ ဒါမှ လည်း သတင်းအချက်အလက်တွေ မှန်မမှန် အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဌာနေ ကုလသမဂ္ဂအဖွဲ့နဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဆက်သွယ်ခွင့်ရဖို့နဲ့ လုပ်ငန်း အစီအစဉ်မှာ ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် ကြားဝင်ဆောင်ရွက်ပေးဖို့လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး သဘောတူညီမှုတွေ၊ အပစ်ရပ်စဲရေးညှိနှိုင်းမှုတွေမှာ ဒီ လက်နက်ကိုင် အဖွဲ့အစည်း တွေက အသုံးပြုနေတဲ့ ကလေးစစ်သားတွေကို ဌာနေပြန်ပို့ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်။”

သူ့ရဲ့ခရီးစဉ်အတွင်း မစ္စ် Coomaraswamy ဟာ သမ္မတဦးသိန်းစိန် အပါအဝင် မြန်မာထိပ်တန်းအစိုးရတွေ အပြင် ကလေးစစ်သားဟောင်းတွေနဲ့ပါ တွေ့ဆုံ ခွင့်ရခဲ့ပြီး သူတို့ဖြတ်သန်းလာရတဲ့ ဘဝတွေအကြောင်း ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။ ကလေးစစ်သားများကို မိဘ ဆွေမျိုးများထံ ပြန်ပို့ပြီးတဲ့နောက် လူ့အဖွဲ့ အစည်းမှာ ကောင်းမွန်စွာနေထိုင်နိုင်ရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းတွေ ရရှိဖို့ မြှင့်တင်ပေးရာမှာ အထောက်အပံ့ပေးနိုင်ဖို့ UNICEF နဲ့ ILO တို့ရဲ့ အကူအညီတွေကို ရယူသွားနိုင်ဖို့လည်း အစီအစဉ်ရှိတယ်လို့ မစ္စ် Radhika Coomaraswamy က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးစစ်သားများ စုဆောင်းအသုံးပြုနေတဲ့ အဖွဲ့တွေကတော့- မြန်မာ့တပ်မတော်၊ DKBA၊ KIA၊ KNU၊ KNLA၊ SSA တောင်ပိုင်းနဲ့ ဝအမျိုးသား တပ်မတော်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ကလေး စစ်သားများ စုဆောင်းရာမှာလည်း အဓိကပြဿနာက မက်လုံးပေးနေတဲ့အတွက်ပဲ ဖြစ်တယ်လို့ မစ္စ် Radhika Coomaraswamy က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ပြဿနာက ကလေးစစ်သား စုဆောင်းကြသူတွေ ဖြစ်ပါတယ်။ ကလေးစစ်သားစုဆောင်းတဲ့ အတွက် စုကြေးရတဲ့ စနစ်ရှိပါတယ်။ ဒါကြောင့် ကလေးစစ်သားစုဆောင်းတဲ့သူတွေက ကလေးတွေကို သွားရှာကြတယ်။ စာရွက်စာတမ်းတွေ အတုလုပ်လာကြတယ်။ ဒါမှလည်း သူတို့က ဆန် ဒါမှမဟုတ် ငွေ၊ ဒါမှမဟုတ် ဆုကြေးတွေ ရကြမှာကိုး။ ဒါ့ကြောင့် အခုလို မက်လုံးပေးတာတွေကို ပြောင်းမယ်။ ကလေးစစ်သား စုဆောင်းတာကို ထိထိရောက်ရောက် အရေးယူမယ်ဆိုရင် ကလေးစစ်သားစုဆောင်းမှုကို ဟန့်တားနိုင်မယ်လို့ ကျမ ထင်ပါတယ်။”

ဇူလိုင်လမှာ ရာထူးသက်တမ်းကုန်ဆုံးမယ့် ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စား လှယ် မစ္စ် Radhika Coomaraswamy အနေနဲ့ မြန်မာနိုင်ငံက သဘောတူထားတဲ့ Action Plan လုပ်ငန်း အစီအစဉ်ကို ၁၈ လအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း လည်း ပြောခဲ့ပါတယ်ရှင်။

XS
SM
MD
LG