သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက် ပြဿနာ လွှမ်းမိုးနေတဲ့ အာဆီယံပွဲ


ဒီသီတင်းပတ် ကမ္ဘောဒီးယားနိုင်ငံမှာ တွေ့ဆုံနေကြတဲ့ အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ ASEAN က အစိုးရအရာရှိတွေဟာ နိုင်ငံပေါင်း ၆ နိုင်ငံ အကြား သူပိုင်ငါပိုင် အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ် ရေပိုင်နက်ပြဿနာ ဆွေးနွေး အဖြေရှာကြဖို့ တွန်းအားပေး ဆောင်ရွက်နေကြပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်က ကမ်းလွန်ရေနံရှာဖွေတဲ့နေရာတွေ သတ်မှတ်ပြီး လေလံတင် ရောင်း ချမယ့် ဆုံးဖြတ်ချက်ကို ဗီယက်နမ်နိုင်ငံက ပြီးခဲ့တဲ့လကပဲ ကန့်ကွက်ခဲ့ပါတယ်။ အဲဒီဒေသဟာ ဗီယက်နမ်နိုင်ငံ ရဲ့ စီးပွားရေးဇုံ ကမ်းဦးရေတိမ်ပိုင်းမှာ အပြည့်အ၀ ရှိနေတယ်။ အဲဒီနေရာကို သူ ပိုင်ဆိုင်ကြောင်းနဲ့ ပတ်သက် လို့ အမျိုးသားလွှတ်တော် မှာလည်း ဥပဒေတရပ် ပြဌာန်း အတည်ပြုထားတယ်လို့ ဗီယက်နမ်နိုင်ငံက ပြောပါ တယ်။

တရုတ်နိုင်ငံကတော့ ဗီယက်နမ်ရဲ့ အဲဒီဥပဒေကို ပြင်းပြင်း ထန်ထန် ဝေဖန် ရှုတ်ချပြီး တရားမဝင်ဘူးလို့ လည်း ပြောထားပါတယ်။ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနဲ့ မလေးရှားနိုင်ငံတွေ ကလည်း တောင်တရုတ် ပင်လယ်ပြင်ထဲမှာ သူတို့ရဲ့ ရေမြေပိုင်ဆိုင်မှုကို အသီးသီး တောင်းဆိုနေကြတာ ရှိပါတယ်။

တနင်္လာနေ့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နှစ်ပတ်လည် အစည်းအဝေးအဖွင့်မှာတော့ ကမ္ဘောဒီး ယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က လက်ရှိ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သဘောတူညီချက်တရပ် ရယူဖို့ လို အပ်နေတဲ့အကြောင်း ထောက်ပြ ပြောဆိုသွားပါတယ်။ အာဆီယံနဲ့ တရုတ်နိုင်ငံတို့ဟာ လုပ်ထုံးလုပ်နည်း ဥပဒေတရပ်ကို ၂၀၀၂ ခုနှစ်က သဘော တူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ဒီသဘောတူညီချက် အရ တောင်တရုတ် ပင်လယ်ပြင်မှာ လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်၊ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေရှာပြီး ကုလသမဂ္ဂရဲ့ ပင်လယ်ပြင် ဥပဒေဆိုင်ရာ သဘောတူ စာချုပ်အပါအဝင် နိုင်ငံတကာ သတောတူစာချုပ်တွေ ကို လေးစား လိုက်နာဖို့ သဘောတူခဲ့ကြတာပါ။

နှစ်ပတ်ကြာ အာရှဒေသ ခရီး ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်ဟာလည်း အာဆီယံ အစည်းအဝေးကို တက်ရောက်ဖို့ ရှိနေပါတယ်။ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ရှိဖို့ နိုင်ငံ တိုင်းက လိုလားကြသလို တောင်တရုတ်ပင်လယ်ပြင်မှာ အဟန့်အတားကင်းပြီး တရားဥပဒေနဲ့ညီတဲ့ ကူးသန်းသွားလာခွင့်ရဖို့ အားလုံးက လိုလားကြတယ်လို့ တိုကျိုမြို့မှာရောက်တုန်း တနင်္ဂနွေနေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG