သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒဏ်ခတ်မှုရုပ်သိမ်းတာ NLD သတိနဲ့တုံ့ပြန်


မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက် ပွင့်လင်းမြင်သာမှုရှိရေး လိုအပ်နေသေးတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကပြောလိုက်ပါတယ်။ အမေရိကန်ဘဏ်လုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတွေကို လျှော့ပေါ့ဖယ်ရှားလိုက်ပြီလို့ အမေရိကန်အစိုးရက ကြေညာခဲ့တဲ့အပေါ်မှာ NLD ကခုလို တုံ့ပြန်တာဖြစ်ပါတယ်။ ခုလို အမေရိကန်ကထပ်ပြီး လျှော့ပေါ့လိုက်တဲ့ အရေးယူမှုတွေက အမေရိကန် စီးပွားရေးလုပ်ငန်းတွေ ပိုပြီး အကျိုးများ စေပေမဲ့ ပြည်တွင်းလုပ်ငန်းတွေအတွက်လည်း သက်ရောက်မှု ရှိလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

၁၅ နှစ်နီးပါးအတွင်းမှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံနိုင်ဖို့ အမေရိကန်အစိုးရက ခွင့်ပြုလိုက်သလို မြန်မာနိုင်ငံမှာ အမေရိကန်ဘဏ္ဍာရေးလုပ်ငန်းတွေ ဝန်ဆောင် မှုပေးနိုင်ရေးအတွက်ကိုလည်း ခွင့်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ခုလိုအရေးယူမှုတွေကို ထပ်ပြီး လျှော့ပေါ့တာလို့ အမေရိကန်အစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်ထဲ မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲတွေအပေါ်မှာ တော်တော်များများက အရမ်းကာရော အကောင်းမြင်လွန်းနေတယ်လို့ အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောနေချိန်မှာ ခုလို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထပ်ပြီး ဖယ်ရှားပေးလိုက်တာဖြစ်ပါတယ်။

ဒီအပေါ်မှာ NLD ပါတီရဲ့ သဘောထား ဘယ်လိုရှိပါသလဲ၊ NLD ပြောခွင့်ရသူ ဦးအုန်းကြိုင်က လက်ရှိမြန်မာနိုင်ငံ အခြေအနေဟာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ဖို့ ပွင်းလင်းမြင်သာမှုတွေ လိုအပ်နေဆဲဖြစ် တယ်လို့ တုံ့ပြန်ပါတယ်။

“ဒါကတော့ အမေရိကန်အစိုးရက သူ့ရဲ့ဆောင်ရွက်ပိုင်ခွင့်တွေထဲက သူ့ဖာသာသူ ဆောင်ရွက်တာပါ။ ကျနော်တို့အပေါ်မှာ ဒီမိုကရေစီရေးအတွက် အလွန်ထက်သန်တဲ့စေတနာ ထားတယ်ဆိုတာလည်း ကျနော်တို့ သဘောတူပါတယ်။ ဒါပေမဲ့ transparency ရှိဖို့နဲ့ နောက် ဒီမိုကရေစီရေးကို ရှေ့ရှုတဲ့၊ တဘက်မှာလည်း စီးပွားရေးတိုးတက်လာတာနဲ့ တပြိုင်နက်တည်းမှာ ဒီမိုကရေစီရေးကိုပါ ပိုပြီးတော့ရှင်သန်စေမယ့် ပိုပြီးတော့ ဆထက်တပိုး တိုးပြီးတော့ လွတ်လပ်ခွင့်တွေ၊ ပြည်သူလူထုရဲ့လွတ်လပ်ခွင့်တွေ ပိုပြီးတော့ ရလာဖို့အတွက် ဦးတည်ပြီးလုပ်ရင်တော့ ပိုကောင်းမယ်လို့ မြင်ပါတယ်ခင်ဗျာ။”

အမေရိကန်အစိုးရက အခုနောက်ဆုံး လျှော့ပေါ့ပေးလိုက်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေဟာ အဓိကအားဖြင့် အမေရိကန် စီးပွားရေးတွေအတွက် အကျိုးပိုရှိနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က မြင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလာနိုင်တဲ့ အမေရိကန် လုပ်ငန်းကြီးတွေ အတွက် ငွေအေပြာင်း အရွှေ့လုပ်နိုင်ဖို့ ဘဏ္ဍာရေးလုပ်ငန်းတွေ လိုအပ်လာမှာဖြစ်လို့ပါ။ ဒီတော့ ပြည်တွင်း ဘဏ်လုပ်ငန်းတွေ အတွက်ရော ဘယ်လိုအကျိုးရနိုင်ပါသလဲ။ စီးပွားရေးလုပ်ငန်းရှင်တယောက်ပြောပြတာကတော့-

“ဘဏ်လုပ်ငန်းကတော့ ကျယ်ကျယ်ပြန့်ပြန့်ဆက်သွယ်နိုင်လေ၊ အကျိုးရှိလေပေါ့။ သူတို့တွေ ဝင်လာတဲ့ အခါမှာ အထူးသဖြင့် Insurance တို့လို မျိုးတွေမှာ အဓိက finacial market တွေမှာ အဓိက အခြေ ခံတွေဖြစ် တဲ့ အမေရိကန်ဘက်က ဝင်လာနိုင်မယ်ဆိုရင် ပြည်တွင်းဘက်က နည်းပညာ အရရော ၊ ငွေရေးကြေးရေး အရရော အကျိုး အများကြီးရှိနိုင်ပါတယ်။ ကုမ္ပဏီကြီးတွေ ရောက်လာတာနဲ့အမျှ သူတို့ရဲ့ facility တွေကို service လုပ်ပေးနိုင်တဲ့--- ကတော့ လိုလာမှာပေါ့နော်။ အဲဒီတော့ အနည်းဆုံးတော့ --- ရှိလာ မယ်လို့ ယူဆရတာပေါ့။”

အမေရိကန် ဘဏ်လုပ်ငန်းတွေဘက်က ကန့်သတ်ချက်တွေ လျော့သွားတဲ့အတွက် သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေအတွက် ပိုပြီးတော့ အဆင်ပြေနိုင် သွားမယ်လို့လည်း ဆိုပါတယ်။

“အရင်တုန်းကဆိုရင် ကျနော်တို့က ---- finacing လုပ်ဖို့ဆိုရင် အမျိုးမျိုး လုပ်ရတာတွေ ရှိတယ်။ -- တခြား currency တွေနဲ့ ဖွင့်ရတာရှိတယ်။ ဒါမျိုးတွေထက်တော့ အများကြီး အဆင်ပြေသွား တာပေါ့။ တော်တော်ကြီးကို အဆင်ချောသွားနိုင်ပါတယ်။ အရင်တုန်းကဆိုရင် ကျနော်တို့က ပစ္စည်းဝယ် တာပဲဖြစ်ဖြစ်၊ ဒီ ပစ္စည်းရောင်းတာပဲဖြစ်ဖြစ် နယူးယောက်ကို ထွက်သွားတဲ့အခါမှာ ကျနော်တို့မှာ freeze အလုပ်ခံရမှာစိုးတဲ့အတွက် ရှောင်ကွင်းပြီးတော့ တခြားငွေကြေးနဲ့ဖွင့်ပါတယ်။ နောက်တခါ တခြား third country တခုကို အသုံးပြုတာပဲဖြစ်ဖြစ် လုပ်တော့ မလိုအပ်ဘဲနဲ့ ကျနော်တို့ Trasation Cost တွေ ပိုကုန်တာပေါ့နော်။ တခါတလေ တချို့ဆိုရင် လုပ်ရတဲ့ငွေရင်းထက် ၂ ဆလောက် ပိုကုန်သွားတဲ့ ဟာမျိုးတွေ ရှိတာပေါ့။ အဲဒါမျိုးတွေကို အများကြီး ရှောင်ကွင်းသွားနိုင်တယ်ဆိုရင် trade ကလည်း ပိုပြီး ချောချောမွေ့မွေ့ဖြစ် သွားနိုင်တာပေါ့။ နောက်တခါကျတော့ ကိုယ့်ရဲ့ပစ္စည်းတွေ- အမေရိကန်မှာထက်ကို တချို့ပစ္စည်းတွေ restriction ရှိသေးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဝယ်တဲ့နေရာရော ရှောင်ကွင်းပြီး ဝယ်စရာမလိုတဲ့အတွက် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချသွားနိုင်တာပေါ့။ ကြားထဲက မလိုဘဲနဲ့ ကော်မရှင်တို့၊ ပွဲစားခတို့ နည်းသွားတာပေါ့။ ”

ဦးသိန်းစိန်အစိုးရက စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ လွတ်လပ်ခွင့်တွေ လုပ်လာတာကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ မျက်စိကျနေသူတွေ အမြောက်အမြားရှိပါတယ်။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေ မထွက်လာသေးတဲ့အတွက်တော့ လက်တွေ့ လာပြီး ရင်းနှီးမြှုပ်နှံကြတာမျိုး သိပ်မရှိကြသေး ပါဘူး။ မြန်မာနိုင်ငံမှာ တာဝန်သိရင်းနှီးမြှုပ်နှံမှုတွေကို အမေရိကန်လုပ်ငန်းတွေက စံပြလုပ်နိုင်ပါလိမ့်မယ်လို့ အမေရိကန်အစိုးရထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီအပေါ် NLD ပါတီပြောတာကတော့ -

“ဒါ- အမေရိကန်လုပ်ငန်းရှင်တွေရဲ့ ethic ဆိုရင်တော့ ဘာမှ မဝေဖန်လိုပါဘူး။ အဲလိုဖြစ်ဖို့ကောင်းတယ်လို့သာ ကျနော်တို့က ပြောချင်တာပါ။ နိုင်ငံခြားရေး ဝန်ကြီးဌာနကိုပါ ကြိုပြီးတော့ ပရိုဂရမ်တွေ ဘာတွေ တင်ရမယ် ဆိုရင်တော့ ဒါကတော့ ဆောင်ရွက်ခွင့်တော့ ပေးလိုက်ပြီ၊ သို့သော်လည်း transparence ရှိရဲ့လား ရှိသေး လား၊ ဒီအရင်းအနှီးတွေဟာ ပြည်သူလူထုလက်ထဲကို တကယ်အကျိုးရှိရှိရောက်သွားနိုင်ရဲ့လား၊ ပြီးတော့ ဒီမိုကရေစီအရေးအတွက် အထောက်အကူဖြစ်နိုင်သလားဆိုတာ စိစစ်မယ်ဆိုရင်တော့ စိစစ်နိုင်သေး တယ်လို့ ကျနော်ကတော့ အဲလိုပဲမြင်ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ၊ လာဘ်ပေး လာဘ်ယူမှုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ်မှာ စစ်တပ်ပါဝင်မှု အခန်းကဏ္ဍတွေ အပေါ်မှာလည်း အမေရိကန်အစိုးရက စိုးရိမ်မှုရှိဆဲလို့တော့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အမေရိကန်အစိုးရရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်ရှင်။

XS
SM
MD
LG