မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်မ်ဂျုံအွန်းကို အဓိကအကြံပေး လုပ်နေသူထဲကတဦးဖြစ်တဲ့ စစ်တပ် အကြီးအကဲကို ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ကြေညာလိုက်ပါတယ်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး ရီယောင်ဟို (Ri Yong-ho) ကို ကျန်းမာရေးမကောင်းတဲ့အတွက် သူယူထားတဲ့ တာဝန်တွေ အားလုံးကနေ ဖယ်ရှားလိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံရဲ့ အစိုးရပိုင်သတင်းဌာနဖြစ်တဲ့ Koren Central News Agency (KCNA) က တနင်္လာနေ့မှာ မထင်မှတ်ဘဲ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၆၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး ရီ-ကို မြောက်ကိုရီးယားနိုင်ငံရဲ့ သြဇာအာဏာ အရှိဆုံး အဖွဲ့အစည်းလို့ ယူဆနိုင်တဲ့ နိုင်ငံရေး မူဝါဒချမှတ်ရေးကောင်စီဝင်လူကြီး တဦးအဖြစ်ကနေ ဖယ်ရှား လိုက်ဖို့ နိုင်ငံရဲ့ အလုပ်သမားပါတီ ဗဟိုကော်မတီကနေ တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။
ကြေညာချက်ထဲမှာ မစ္စတာရီ ကို တပ်မတော်ရဲ့ ဦးစီးချုပ်အဖြစ် ခေါ်ဝေါ်သုံးနှုံးထားခြင်း မရှိတာကို တွေ့ရ ပါတယ်။
ခပ်ပြတ်ပြတ် ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကြောင့် တောင်ကိုရီးယားနိုင်ငံက အရာရှိတွေ၊ မြောက် ကိုရီးယားအရေး ကျွမ်းကျင်သူတွေနဲ့ လေ့လာ သုံးသပ်သူတွေ အံ့အားတသင့် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ ထိပ်တန်းခေါင်းဆောင်တဦးကို ကျမ်းမာရေးမကောင်းလို့ဆိုပြီးတော့ ဖယ်ရှားလိုက်တဲ့ လုပ်ရပ်ဟာ ဖြစ်တောင့်ဖြစ် ခဲ ဖြစ်ရပ်တခုဖြစ်တယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်ခင်ဗျား။