ကျနော်နဲ့ နီးစပ်တဲ့လူတွေက လာမယ့်ရွေးကောက်ပွဲမှာ ဘယ်လို မဲထည့်သင့်သလဲ ကျနော့်ဆီက အကြံဉာဏ် တောင်းကြပါတယ်။ ကျနော်က လက်ရှိနေထိုင်ရတဲ့ ကိုယ့်အခြေအနေကို ကြိုက်သလား မကြိုက်သလားကို အရင် စဉ်းစားခိုင်းပါတယ်။
ဒီနေ့ ကျနော်တို့ ရနေတဲ့ ဝင်ငွေနဲ့ ကုန်ဈေးနှုန်း၊ ကျနော်တို့ နေရထိုင်ရတာ လူတန်းစေ့ ဖြစ်ရဲ့လား၊ လျှပ်စစ်မီးကို ထိုင်ပြီး မျှော်နေရ သလား။ မီးမလာ ရေမလာတဲ့ ဒုက္ခတွေ။
နောက်တခါ စစ်သားတွေ၊ ရဲတွေ၊ လ.ဝ.တ၊ မီးသတ်တွေ၊ စွမ်းအားရှင်တွေ၊ စည်ပင်တွေ စတဲ့ ယူနီဖောင်း ဝတ်ထားရင်တောင် ကြောက် နေရတဲ့ ဒုက္ခမျိုး ကျနော်တို့ ရှိနေသလား။ တကယ်လို့ ကိုယ်ကဝန်ထမ်းဆိုရင် ကိုယ့်ရာထူး တည်မြဲရဲ့လား။ ကိုယ့်မှာ တက်လမ်းရှိရဲ့ လား။ ကိုယ့်အထက်မှာ ကိုယ့်လောက်မှ အရည်းအချင်းမရှိသူက အမိန့်တွေ ပေးနေတာ ခံနေရသလား။
နောက်တခါ ကျနော်တို့ရဲ့ သားသမီးတွေ သင်ယူနေရတဲ့ ပညာရေးစနစ်ကို ကိုယ်ကျေနပ်ရဲ့လား။ သူတို့ တကယ် ပညာတတ်တယ်လို့ ကိုယ်ထင်သလား။ ကိုယ် မကျန်းမာလို့ ဆေးရုံသွားတဲ့အခါ ကိုယ်အသက်ရှင်ဖို့အတွက် စိတ်ကျေနပ်မှု ရရှိရဲ့လား။ ကျနော် အဲဒါတွေကို ပြန်စဉ်းစားခိုင်းပါတယ်။
ကိုယ်သေသွားရင် ကိုယ့်သားသမီး ကိုယ့်မြေးတွေကို ဒီအခြေအနေအတိုင်း ဆက်ပြီး နေစေချင်သလား။ နေစေချင်တယ် ဒီအခြေအနေ ဟာ ကိုယ်ကျေနပ်ကောင်းတယ်လို့ ကိုယ်ထင်ရင် ဒီနေ့ လက်ရှိအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်ခေါင်းဆောင်နေတဲ့ပါတီ ကြံ့ခိုင်ရေးကို ကျနော်တို့ မဲပေးသင့်ပါတယ်။
တချို့ကလည်း ပြောပါတယ်။ ကြံ့ခိုင်ရေး မကြိုက်ဘူး၊ တ.စ.ည လည်း မကြိုက်ဘူး၊ ဒီမိုကရေစီ အမည်ခံထားတဲ့ တခြားပါတီတွေလည်း မကြိုက်ဘူး။ ဝင်ပြီးအရွေးခံတဲ့ ပါတီတွေကိုလည်း ဘယ်ပါတီမှ မကြိုက်ဘူးလို့ ပြောပါတယ်။
မကြိုက်ရင် မဲမပေးနဲ့လို့ ပြောတဲ့အခါကျတော့ တချို့ကလည်း မဲမပေးဘဲ မနေရဲဘူးတဲ့။
ကျနော်တို့ကို လူတွေဟာ သူတို့နဲ့ ထိုက်တန်တဲ့ အစိုးရပဲ ရကြမယ်လို့ ပြောတဲ့အခါမျိုးမှာ အဲဒီ စကား ကျနော်တို့ အပြောခံရတာ မကြိုက်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ မကြိုက်ရင် ဘယ်သူမှ မဲမပေးဘဲ နေခွင့်ရှိပါတယ်။ တချို့ကလည်း မဲရုံကို မသွားဘဲ မနေရဲဘူးလို့ ပြောပါတယ်။
မဲရုံးကို မသွားဘဲ မနေရဲရင် သွားပါ။ ကိုယ့်ရဲ့ ဆန္ဒရှိတဲ့အတိုင်း မဲထည့်ပါ။ တချို့ကလည်း ဘယ်သူ့ကိုမှ မဲမပေးချင်ဘူးလို့ ပြောပါတယ်။ ဘယ်သူ့မှ သဘောမကျဘူး။ မဲမပေးချင်ဘူး၊ မဲ စာရွက် ဆုတ်ဖြဲပြစ်မယ်လို့ ပြောပါတယ်။ ကျနော်က အဲဒါတော့ မလုပ်နဲ့၊ မဲပြားကို ဆုတ်ဖြဲတယ်ဆိုရင် ဥပဒေအရ အရေးယူလို့ရတယ်၊ ဘယ်သူမှ မဲမပေးချင်ဘူးဆိုရင်တော့ မဲပြားပေါ်မှာ ကြက်ခြေခတ် ကန့်လန့်ကြီး ခတ်ပြီးတော့ မဲပုံးထဲ ထည့်ခဲ့လည်း ဖြစ်ပါတယ်။ အဲဒီလို ကျနော် သူတို့ကို အကြံပေးပါတယ်။