မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့် လည်ခွင့် မူကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အင်္ဂါနေ့မှာ အတည်ပြုလိုက် ပါတယ်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ သဘောကွဲခဲ့တဲ့ နိုင်ငံတော်အလံ ကိုင်ဆောင်ခွင့်ကိစ္စကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အလံကိုင်ခွင့် မူကြမ်းကိုအတည်ပြုလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ပြဌာန်းနိုင်တော့မယ့် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဥပဒေမှာ ဘယ်လို ကန့်သတ်ချက်တွေရော ရှိနေသေးလဲ၊ ဆန္ဒထုတ်ဖော်ခွင့်ကိုရော ဘယ်လောက် လွတ်လွတ်လပ်လပ် လုပ်နိုင်မှာလဲဆိုတာတွေကို ဘန်ကောက်ရုံးကို ရောက်နေတဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်း လူစုခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ရနိုင်တော့မယ့် ဥပဒေကြမ်းကို လွှတ်တော် ၂ ရပ်ပေါင်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုလိုက်တာဖြစ်ပါတယ်။ သက်ဆိုင်ရာဆီမှာ ကြိုတင်ခွင့်တောင်းပြီး စုဝေးခွင့်၊ လှည့်လည်ခွင့် ရတော့မှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးက VOA ကိုရှင်းပြပါတယ်၊
“ဦးဆောင်မယ့် ပုဂ္ဂိုလ်ရယ်၊ နောက်တခါ ဟောပြောပွဲလုပ်မယ်ဆိုရင်လည်း ဟောပြောမယ့် ပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပါရပါမယ်။ နောက်ပြီး ကြွေးကြော်သံတွေနဲ့ ကြွေးကြော်မယ်ဆိုရင်လည်း ကြွေးကြော်သံတွေရဲ့ စာသား၊ ဒါလေးတွေကိုတော့ ကြိုပြီး တင်ပြရပါမယ်။ ဒါပေမယ့် ဘယ်လိုအကြောင်းအရာကိုတော့ဖြင့် ဆန္ဒဖော်ထုတ်ခွင့်မရှိဘူး၊ ဘယ်လိုအကြောင်းအရာကိုပဲ ဆန္ဒဖော်ထုတ်ခွင့်ရှိတယ်လို့ ကန့်သတ်ချက်တွေတော့ မရှိပါဘူးခင်ဗျ”
အခုဥပဒေကြမ်းထဲမှာ စုဝေးရမယ့် နေရာနဲ့ ပတ်သက်လို့ ကန့်သတ်ချက်ရှိသေးပေမဲ့ ဒီအချက်ကို ပြုနိုင် ပြင်နိုင်မယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။ ငြိမ်းချမ်းစွာ လူစုခွင့်၊ စီတန်းခွင့်ရနိုင်ဖို့ ကန့်သတ်ချက်တွေနဲ့ ပြန်ပြီး ထိန်းထားတာတွေကို တဖြည်းဖြည်းပြင်ယူသွားနိုင်မယ်လို့ သူက မျှော်လင့်ပါတယ်။
“ငြိမ်းချမ်းစွာ စုဝေးခွင့်တို့ ဘာတို့ ပေးလိုက်တဲ့အပေါ်မှာ တဘက်ကလည်း စည်းကမ်းထိန်းကျောင်းထားတဲ့ဟာတွေ ရှိတာပေါ့။ ဥပမာ ကန့်သတ်ချက်တွေ တချို့ ထား ထားတာတွေပေါ့။ ဥပမာ ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းတွေကို လိုက်နာရမယ်ဆိုတာမျိုးတို့၊ နောက်တခါ အသရေဖျက်မှုမျိုး မပြောရဘူးတို့ ဆိုတာတွေက လွတ်လပ်စွာပြောဆိုခွင့်ကို ထိပါးစေတဲ့ အဟန့်အတားတွေဖြစ်တယ်ဆိုရင် နောက် ပြန်လည်ပြုပြင်ရမှာပေါ့။ နိုင်ငံတကာ အဆင့်နဲ့ချိန်ကြည့်ရင်တော့ ကျနော်တို့က အခုမှစရတဲ့အခါကျတော့ လုပ်ရင်းနဲ့ ပြင်စရာရှိတာတွေတော့ နောင် ပြင်ရမှာပေါ့”
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ နေရာမှာ လုံခြုံရေးကို မထိခိုက်ရင်ဆိုတဲ့ အချက်ကိုခံထားတာဟာ အပြည့်အဝ လွတ်လပ်ခွင့်ပေးတာမျိုး မဟုတ်ဘူးဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဦးသိန်းညွန့် ပြောတာက-
“ဥပဒေကြောင်းဆိုင်ရာမှာ သူတို့က ၂ ပိုင်းရှိတယ်။ ခွင့်ပြုချက်နဲ့စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းဆိုရင် သူတို့ဘက်ကလည်း အကာအကွယ်ပေးမယ့်ဟာ ပါတယ်။ တခုပဲပေါ့ ကျနော်တို့က စုဝေးတဲ့ ချီတက်တဲ့အခါမှာ ခွင့်ပြုထားတဲ့ပုံစံ မဟုတ်ရင်တော့ မြို့နယ်ရဲမှူးကနေ ရုပ်သိမ်းကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးကိုတင်ပြပြီး ရုပ်သိမ်းမယ်။ ဒါပေမယ့် ကျနော်ဖြည့်လိုက်တဲ့အတွက် အဲဒီရုပ်သိမ်းမှုကို ဒီအတိုင်းပဲ လက်လွတ်စပယ် နှုတ်နဲ့မရဘူး၊ ကျနော် ပြည်သူ့လွှတ်တော်မှာ ဖြည့်တာကတော့ စာအဖြစ်ရုပ်သိမ်းရမှာပေါ့။ သို့သော် အမျိုးသားလွှတ်တော်က ပြန်ပြင်လိုက်တာကတော့ နှုတ်ဖြင့်ရုပ်သိမ်းပြီး ၂၄ နာရီအတွင်း စာဖြင့် ရုပ်သိမ်းရမယ်ပေါ့။ အဲဒီလိုပြင်တဲ့ဟာအပေါ်မှာတော့ ကျနော်လည်း ဘယ်လိုဖြစ်ဖြစ်လေ၊ စာနဲ့ရရင် မတော်မတရားလုပ်လို့ မရဘူး။ အာဏာအလွဲသုံးစား လုပ်လို့ မရတော့ဘူး။ နှုတ်မိန့်ကို လွယ်လင့်တကူသုံးမှာကြောက်လို့ ကျနော် ဟန့်တားလိုက်တာပေါ့ ”
နှစ်ပေါင်းများစွာအတွင်း ပြဌာန်းနိုင်မယ့် ဥပဒေကြောင့် မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ အတိုင်းအတာတခုအထိ ဆန္ဒထုတ်ဖော်ခွင့် ရလာတော့မှာဖြစ်ပါတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာမြတ်ဉာဏစိုးက ဆိုပါတယ်။
“ကျနော်တို့နိုင်ငံရဲ့ သမိုင်းတလျှောက်မှာ အခုလိုမျိုး စီတန်းလှည့်လည်ခွင့်နဲ့ပတ်သက်တဲ့ ဥပဒေပြဌာန်းထားတာမျိုး မရှိပါဘူး။ အရင် ဖ.ဆ.ပ.လ အစိုးရလက်ထက်မှာလည်း ပြဌာန်းခဲ့တာ၊ ပ.ထ.စ အစိုးရလက်ထက်မှာလည်း ပြဌာန်းခဲ့တာ မရှိပါဘူး။ အခုမှသာ ဒီဟာက တရားဝင်ရှိလာတယ်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နဲ့ စုဝေးခွင့် ဆန္ဒဖော်ထုတ်ခွင့်၊ ဥပဒေအရလည်း နိုင်ငံသားတွေက သူတို့ရဲ့လိုလားချက်တွေကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြီးတော့ ပြောဆိုနိုင်မှာဖြစ်ပါတယ်”
ဒီတခါ လွှတ်တော်စည်းဝေးပွဲတွေကို ၂၅ ရက်နေ့မှာ အပြီးသတ်ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။ လွှတ်တော်မနားခင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကြမ်း၊ လယ်ယာမြေဥပဒေကြမ်းတွေကို အတည်ပြုသွားနိုင်ဖို့ အဓိကထား ဆွေးနွေးကြလိမ့်မယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်ရှင်၊