မသင်္ကာဖွယ်ရာ အီရန်ရဲ့ နျူကလီယားလက်နက်အစီအစဉ်ကြောင့် ဗြိတိန်နိုင်ငံက အီရန်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက် တာကို မကျေနပ်ကြတဲ့သူတွေက မနေ့ကအင်္ဂါနေ့မှာ တဟီရန်မြို့တော်က ဗြိတိသျှသံရုံးကို စီနင်းတိုက်ခိုက်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ဗြိတိသျှသံရုံးရဲ့ ပြူတင်းပေါက်တွေကို ချိုးဖဲ့ဝင်ရောက်ပြီး သံရုံးထဲက စာရွက်စာတမ်းတွေနဲ့ ယူနီယံဂျက်ဗြိတိသျှအလံတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ သံရုံးထဲက အဲလစ္စဘက်ဘုရင်မကြီးရဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ဖြုတ်ယူသွားကြပါတယ်။ သံရုံးအပြင်ဘက်မှာလည်း ဗြိတိန်နိုင်ငံ ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြ လူအုပ်က ဗြိတိသျှသံရုံးရဲ့ ကားတစ်စီးကိုလည်း မီးရှို့ခဲ့ကြပါတယ်။
တဟီရန်မြို့မြောက်ဘက်က ဗြိတိသျှသံရုံးဝန်ထမ်းတွေနဲ့ ဗြိတိသျှကျောင်းသားတွေ နေထိုင်ရာ အိမ်ခြံဝင်းကို စီးနင်းခဲ့တဲ့ ဆန္ဒပြသူတွေက သံရုံးဝန်ထမ်း ၆ ဦးကို ၀ိုင်းထားခဲ့တာကိုတော့ အီရန်ရဲတပ်ဖွဲ့က အချိန်မီ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီအိမ်ခြံဝင်းကို စီးနင်းထားတဲ့သူတွေကို ရဲတပ်ဖွဲ့က မောင်းထုတ်ခဲ့ပေမယ့် ဆန္ဒပြသူတွေ ပြန်ရောက်လာပြီး ဗြိတိသျှသံရုံးကို ဆန္ဒပြလို့ ရဲတပ်ဖွဲ့က ဖမ်းထားသူတွေကို ပြန်လွှတ်ပေးမှ သူတို့က ဒီအိမ်ခြံဝင်းထဲက ပြန်ထွက်ပေးမယ်လို့ တောင်းဆိုနေကြပါတယ်။
အီရန်အစိုးရ အခုဖြစ်ရပ်အတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး ဗြိတိသျှဝန်ကြီးချုပ် David Cameron က လန်ဒန်မြို့က အီရန်သံအမတ်ကြီးကို ဖုံးဆက်ပြီး တဟီရန်က ဗြိတိသျှနိုင်ငံသားတွေရဲ့လုံခြုံရေး ကို အီရန်အစိုးရက အပြည့်အဝ တာဝန်ယူရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီးရုံးကလည်း အီရန်သံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်ပြီး ဒီဖြစ်ရပ်အတွက် ဗြိတိသျှအစိုးရရဲ့ မကျေနပ်မှုကို တရားဝင်ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Willam Hague က ပြောပါတယ်။
နိုင်ငံတကာဥပဒေအရ အမြင့်ဆုံးအရေးပေါ် လုပ်ထုံးလုပ်နည်းတွေနဲ့ တဟီရန်မြို့က ဗြိတိသျှ သံဝန်ထမ်းတွေရဲ့ နေအိမ်ခြံဝင်းကို ကာကွယ်စောင့်ရှောက်ဖို့ အီရန်အာဏာပိုင်တွေကို ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးရုံးက တိုက်တွန်းခဲ့ပါတယ်။