မြန်မာအစိုးရရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေ ခိုင်ခိုင်မာမာရှိလာတာကို မြင်ရရင် အမေရိကန် ပြည်ထောင်စုဘက်ကလည်း မြန်မာပြည်ကို အရေးယူပိတ်ဆို့ထားတာတွေကို လျှော့ပေါ့ဖို့ စဉ်းစားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောလိုက်ပါတယ်။ ၂ ရက်ကြာ ခရီးစဉ်နဲ့ မြန်မာပြည်မှာရောက်နေတဲ့ ဝန်ကြီးကလင်တန်က မနေ့ကပဲ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ဝန်ကြီးကလင်တန်ဟာ သမ္မတဦးသိန်းစိန်နဲ့ မနေ့ကတွေ့ ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲအခြေအနေတွေအကြောင်း ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။
မနေ့က နေပြည်တော်မှာတွေ့ဆုံခဲ့တဲ့ ဝန်ကြီးကလင်တန်နဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံမှုက ၂ ဘက်လုံး အပြုသဘောဆောင်တဲ့ ပြောဆိုမှုတွေ ရှိခဲ့တာပါ။ သမ္မတဦးသိန်းစိန်ရဲ့ ဆွေးနွေးတင်ပြမှုက အချိန ်၄၅ မိနစ်လောက်ကြာပြီး တော်တော် အပြုသဘောဆောင်ပြီး မဟာဗျူဟာလည်းကျတဲ့ တင်ပြမှုပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဝန်ကြီးကလင်တန်ဘက်ကလည်း အချိန်တော်တော်ယူပြီး ဆွေးနွေးခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ပြောဆိုမှုတွေထဲမှာ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးကို ခိုင်မာပြီး တိုးတက်လိုတဲ့ဆန္ဒ ရှိတဲ့အကြောင်း၊ မြန်မာအစိုးရရဲ့ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေအကြောင်း၊ ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် ပြင်ပကအကူအညီတွေကိုလည်း လိုလိုလားလားနဲ့ လက်ခံချင်တဲ့အကြောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေထဲမှာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ ပါဝင်နိုင်တဲ့ အခြေအနေမျိုးရောက်အောင် တဆင့်ပြီးတဆင့် လုပ်သွားမယ်ဆိုတဲ့ အကြောင်းတွေ ပြောခဲ့ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက်လည်း တိုင်းရင်းသားအဖွဲ့အစည်း ၁၀ ခုနဲ့ ပြောဆိုမှုတွေ ရှိနေတဲ့အကြောင်း၊ သူတို့တွေနဲ့အပစ်အခတ်ရပ်စဲဖို့ ရည်ရွယ်ထားတဲ့အကြောင်း၊ တိုင်းရင်းသား ဒေသတွေမှာ စီးပွားရေး အားကောင်းလာစေဖို့နဲ့ သူတို့တွေကို နိုင်ငံရေးလုပ်ငန်းစဉ်ထဲ ပါဝင်လာနိုင်အောင် အားပေးသွားမယ့်အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာရဲ့ကူညီမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရနိုင်အောင် လိုလားတဲ့အကြောင်း၊ သတင်း မီဒီယာ လွတ်လပ်ခွင့်တွေကိုလည်း သေသေချာချာ လုပ်ဆောင်မယ့်အကြောင်းတွေလည်း သမ္မတ ဦးသိန်းစိန်ကပြောခဲ့ပါတယ်။
ဝန်ကြီးကလင်တန်ကတော့ မြန်မာအစိုးရရဲ့ပြုပြင်ပြောင်း လဲရေးလုပ်ငန်းတွေက ခိုင်ခိုင်မာမာ ဖြစ်လာတယ်ဆိုတာကို မြင်ရရင် အမေရိကန်ဘက်ကလည်း မြန်မာကို အရေးယူပိတ်ဆို့ ထားတာတွေကို လျှော့ပေါ့ပေးဖို့ စဉ်းစားမယ်လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာဘက်က တိုးတက်ကောင်းမွန်တာတွေ လုပ်ရင် လုပ်သလောက် အမေရိကန်ဘက်ကလည်း လိုက်ပြီး လုပ်မယ်လို့ ဆိုပါတယ်။
“မြန်မာအစိုးရအတွင်းကရော အပြင်ကပါ ကျမတို့ရဲ့အားပေးကူညီမှုတွေကိုရယူသွားမယ်။ သူတို့ကလည်း တိုးတက်မှုတွေကို ဆက်ပြီးလုပ်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်ပြောခဲ့သလိုပဲ ကျမဘက်ကလည်း ရှင်းရှင်းလင်းလင်းပြောခဲ့တာက အမေရိကန်ပြည်ထောင်စုကလည်း မြန်မာ အစိုးရကတိုးတက်မှုတွေလုပ်သလောက် ထောက်ခံအားပေးမှုတွေကို လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်”
ဝန်ကြီးကလင်တန်ရဲ့ ပြောဆိုခဲ့တဲ့အထဲမှာ အချက်ငါးချက် ပါဝင်ပါတယ်။ မြန်မာနဲ့မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုတွေကို အမေရိကန်ဘက်က စိုးရိမ်တဲ့အကြောင်း၊ ဒီဆက်ဆံရေးကို ဖျက်သိမ်းဖို့ တိုက်တွန်းပါတယ်။
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဒီမိုကရေစီထွန်းကားရေး လုပ်ငန်းစဉ်တွေကို ဆက်ပြီး လုပ်ဆောင်နေတာကို မြင်လိုတဲ့အကြောင်း၊ လူနည်းစု တိုင်းရင်းသားအုပ်စုတွေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းတွေကိုလည်း ပီပီပြင်ပြင်ဖြစ်စေချင်တဲ့အကြောင်း၊ နိုင်ငံရေးအကျဉ်းသား တယောက်ကို ဖမ်းဆီးထားတယ်ဆိုတာတောင် အရေအတွက်အားဖြင့် တော်တော်များတယ်လို့ အမေရိကန်ဘက်က ရှုမြင်တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အကြောင်း၊ ဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့လည်း တရားဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေကို တိုးတက်လာအောင် ဆက်ပြီးလုပ်ဆောင်သွားဖို့၊ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ အင်တာနက်လွတ်လပ်ခွင့်၊ အလုပ်သမားလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ စုဝေးခွင့်တွေကိုလည်း တိုးတက်အောင်လုပ်ဆောင်ဖို့ ဝန်ကြီးကလင်တန်က တိုက်တွန်းခဲ့ပါတယ်။