သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

GMS ထိပ်သီးအစည်းအဝေးအလွန် အခွင့်အလမ်းများ ပွင့်လင်းလာဖို့ မျှော်လင့်


GMS ထိပ်သီးအစည်းအဝေးအလွန် အခွင့်အလမ်းများ ပွင့်လင်းလာဖို့ မျှော်လင့်
GMS ထိပ်သီးအစည်းအဝေးအလွန် အခွင့်အလမ်းများ ပွင့်လင်းလာဖို့ မျှော်လင့်

မဟာမဲခေါင်ဒေသခွဲ နိုင်ငံခေါင်းဆောင်တွေတက်ရောက်တဲ့ GMS ထိပ်သီးစည်းအဝေးမှာ ဆင်းရဲမွဲတေမှု ကျဆင်းရေးပါဝင်တဲ့ ၁၀ နှစ် စီမံကိန်းကို သဘောတူခဲ့ကြပါတယ်။ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ်မ္ဘောဒီးယား၊ လာအိုနဲ့ တရုတ်နိုင်ငံတွေကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်နဲ့ လုပ်တဲ့ GMS ထိပ်သီးစည်းဝေးပွဲမှာ စီးပွားရေးဖိုရမ်ဥက္ကဋ္ဌ ရာထူးကိုလည်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က လွှဲပြောင်းတာဝန်ယူခဲ့ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံအပေါ် ဘယ်လိုအကျိုးရှိစေသလဲ စိန်ခေါ်မှုတွေ ရှိမလဲဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

မဟာမဲခေါင်ဒေသခွဲနိုင်ငံတွေကြား စီးပွားရေးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ မြှင့်တင်ရေးနဲ့ ဆင်းရဲမွဲတေမှု ကျဆင်းရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ရေး စတဲ့ ၁၀ နှစ်စီမံကိန်းကို ၆ နိုင်ငံပါဝင်တဲ့ GMS မဟာမဲခေါင်ဒေသခွဲ ထိပ်သီး စည်းဝေးပွဲမှာ သဘောတူခဲ့ကြပါတယ်။ နေပြည်တော် Convention စင်တာမှာ ဒီကနေ့ လုပ်ခဲ့တဲ့ ၄ ကြိမ်မြောက် GMS ထိပ်သီးစည်းဝေးပွဲမှာ အဖွဲ့ရဲ့အောင်မြင်မှုတွေကိုပြောခဲ့ကြသလို လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေး၊ အစားအသောက်လုံခြုံစိတ်ချမှုရှိရေးနဲ့ ဖူလုံရေးအပြင် ခရီးသွားလုပ်ငန်းက ဝင်ငွေကျယ်ကျယ်ပြန့်ပြန့်ရနိုင်အောင် နိုင်ငံစုံပါဝင်တဲ့ ခရီးသွားအစီအစဉ်တွေဖန်တီးရေးတွေအတွက် မဟာဗျူဟာ ချကြဖို့ကိုလည်း GMS ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

GMS ထိပ်သီးစည်းဝေးပွဲမှာ စီးပွားရေးဖိုရမ် ဥက္ကဋ္ဌရာထူးကိုလည်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က လွှဲပြောင်းတာဝန်ယူခဲ့ပါတယ်။ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို အဓိကအသားပေးတဲ့ GMS အဖွဲ့ဝင် နိုင်ငံတခုအနေနဲ့ စီးပွားရေး Forum ဥက္ကဋ္ဌတာဝန်ယူရတဲ့အတွက် အခွင့်အလမ်းတွေပိုရလာနိုင်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ကိုသက်လွင်ထွန်းက တွက်ပါတယ်။

“ကိုယ့်နိုင်ငံအနေနဲ့တော့ ဒါ အများကြီး opportunity ရတာပေါ့လေ၊ အထူးသဖြင့်တော့ investment နဲ့ပတ်သက်တဲ့ opportunity တွေပေါ့။ ကျနော်တို့နိုင်ငံမှာ အဓိကလိုအပ်နေတဲ့ အခန်းတွေ အများကြီးလိုနေတယ်။ နောက် infrastructure တွေ၊ develop ဖြစ်ဖို့လိုနေတယ်။ အဲဒါတွေကို အကုန်လုံးလုပ်ဖို့အတွက်ကော ဖွင့်ပေးလိုက်တယ်။ နောက် tourist တွေလည်း ပိုမို လွယ်ကူစွာလာနိုင်မယ်။ အရေးကြီးတဲ့ ဗီဇာတွေလည်း နောက်ပိုင်းကျရင်ဖွင့်ပေးတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ ပိုပြီးတော့ ၂၀၁၂ beyond ဆိုရင် ဒါဟာ GMS နိုင်ငံတွေ၊ ASEAN နိုင်ငံတွေမှာ ဗီဇာတခုတည်း သွားတော့မယ်လေ။ အဲဒါမျိုးတွေအတွက် အများကြီး အခွင့်အလမ်းသာတာပေါ့”

ဒီနေ့ပြီးသွားတဲ့ GMS ထိပ်သီးစည်းဝေးပွဲမှာလည်း အဖွဲ့ဝင်နိုင်ငံတွေကြား သဘာဝ အရင်းအမြစ်တွေကို ရေရှည်ထိန်းသိမ်းထားနိုင်မယ့် ခရီးသွားလုပ်ငန်းအတွက် မဟာဗျူဟာချရေးကိုလည်း သဘောတူခဲ့ကြပါတယ်။ လက်တွေ့လုပ်တဲ့အခါမှာ ဘယ်လိုမျိုး စိန်ခေါ်မှုတွေရှိနိုင်ပါသလဲ။

“အခုလို tourist တွေဖွင့်ပေးလိုက်လို့ ပြုံလာခဲ့မယ်ဆိုရင် ကျနော်တို့က သဘာဝအရင်းအမြစ်တွေ၊ ဥပမာ beach တွေမှာဆို ပျက်စီးမယ်၊ tourist တွေလာတဲ့အတွက်ကြောင့် အမှိုက်သရိုက်တွေ၊ waste တွေ၊ ပလပ်စတစ်တွေ၊ ဒါတွေဟာ အင်းလေးကန်လိုနေရာမျိုးမှာဆို တော်တော်ကို ပျက်စီးနေပြီ။ ဒါ Eco diversity ပေါ့။ climate change ဖြစ်စေတဲ့အကြောင်းအရင်းတွေ၊ ဒါတွေအားလုံးမဖြစ်ရအောင်ဆိုပြီးတော့ sustainable tourism ဆိုပြီးတော့ အဓိက subject တခု လုပ်တာပေါ့။ ခြုံငုံပြောရရင်တော့ Green Trurism လို့လည်း နောက်ပိုင်း ပြောလို့ရတာပေါ့။ ဒီ environment တခုလုံးကို တိုးတက်ပြောင်းလဲအောင် အသိပညာပေးရမယ်။ အဲဒီအခါမှာအောက်ခြေက Grass root level တွေကနေပြီး အပေါ်က authority တွေအထိ ပေးရမှာပေါ့နော်”

ခရီးသွားလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ကိုသက်လွင်ထွန်းပြောသွားတာဖြစ်ပါတယ်၊ ၆ နိုင်ငံ ပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေကြား ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်တဲ့အခါမှာ အရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးချရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့အခါမှာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် လုပ်ကြဖို့ကိုလည်း မဟာမဲခေါင်ဒေသခွဲ နိုင်ငံ့ခေါင်းဆောင်တွေက ကြေညာခဲ့ကြပါတယ်။ GMS ထိပ်သီး စည်းဝေးပွဲကို ထိုင်းဝန်းကြီးချုပ် Yinluck Shinawat, Vietnam ဝန်ကြီးချုပ် ငုယင်တန်ဒေါင်း၊ Laos ဝန်ကြီးချုပ် သွန်ဆင်သမာဗွန်၊ Cambodia ဝန်ကြီးချုပ် Hun Sen နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် ဒိုင်ဘင်ဂေါ်တို့ တက်ရောက်ခဲ့ကြပါတယ်။ တနင်္လာနေ့ကတော့ သမ္မတ ဦးသိန်းစိန်ဟာ Cambodia ဝန်ကြီးချုပ်နဲ့ တရုတ်နိုင်ငံတော်ကော်စီဝင်တို့ကို သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ ထောက်ပံ့မှုနဲ့ ၆ နိုင်ငံပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲ အစီအစဉ်ကို ၁၉၉၂ ခုနှစ်ကနေ စတင်ခဲ့တာဖြစ်ပြီး ထိပ်သီးစည်းဝေးပွဲကို ၃ နှစ်တကြိမ် ကျင်းပတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG