သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်

မြန်မာနိုင်ငံကိုရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ဒီဇင်ဘာ ၂၀ အင်္ဂါနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ၁၉၈၈ နောက်ပိုင်းကာလတွေ အတွင်း ထိုင်းဝန်ကြီးချုပ် အဆက်ဆက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ ရန်ကုန်က ထိုင်းသံအမတ်ကြီး အိမ်မှာ ဒီခေါင်းဆောင် ၂ ဦး တွေ့ဆုံပွဲနဲ့ ပတ်သက်တဲ့ သတင်းကိုတော့ ပြည်တွင်းသတင်းထောက် အများစု သတင်းယူခွင့် မရကြပါဘူး။ ဒီအခြေအနေ အသေးစိတ်ကို မသင်းသီရိက တင်ပြပေးထားပါတယ်။

စတုတ္ထအကြိမ်မြောက် မဟာမဲခေါင် ထိပ်သီးအစည်းဝေးကို လာတက်တဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ဟာ ဒီကနေ့ အစည်းဝေးအပြီး ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မှာ ဆုံခဲ့ကြတာပါ။ ဒါဟာ ၁၉၈၈ နောက်ပိုင်း ကာလရဲ့ ထိုင်းဝန်ကြီးချုပ် အစဉ်အဆက်တွေထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

သူ့အနေနဲ့ အိမ်နီးချင်းနိုင်ငံတခုရဲ့ဒီမိုကရေစီရေးကြိုးပမ်းမှု လုပ်ငန်းတွေပေါ် အားပေးကူညီချင်တဲ့ အကြောင်း ပြောတာတွေကိုလည်း နိုင်ငံခြားသတင်းဌာန တချို့ရဲ့ စာမျက်နှာတွေမှာ ရေးသားထားတာလည်း တွေ့ရပါတယ်။

ဒါပေမယ့် အခု ထိုင်းဝန်ကြီးချုပ် ယင်းလပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းကို ပြည်တွင်း အခြေစိုက် သတင်းဌာန ၄ ခုကိုသာ ဓာတ်ပုံရိုက်ကူးခွင့် ပြုခဲ့ပြီး ကျန်တဲ့သတင်းဌာနတွေ အားလုံးကို ထိုင်းသံရုံးက သတင်းယူခွင့်၊ ဓာတ်ပုံ ရိုက်ကူးခွင့်တွေ မပေးခဲ့ဘူးလို့ မြန်မာ့ဓနမဂ္ဂဇင်း အယ်ဒီတာ ဦးသီဟစောက ပြောပါတယ်။

“ယင်းလပ်ကတော့ ၅ နာရီခွဲလောက်မှာ သံရုံးထဲကို ဝင်လာတယ်။ ဒေါ်စုကတော့ ၅ နာရီ ၄၅ မိနစ်လောက်မှာ သံရုံးထဲဝင်သွားတယ်။ လောလောဆယ် အပြင်မှာ လူတွေတော့စောင့်နေကြတယ်။ ဒါပေမယ့် ဝင်ခွင့်တော့ မရဘူးပေါ့နော်။ ထိုင်းသံရုံးက မနော်ဟရီလမ်းနဲ့ ပြည်လမ်းထောင့်မှာပေါ့နော်။ အဲဒီ သံရုံးဝင်းထဲမှာ တွေ့တာပါ။ နေ့ခင်းက registration လုပ်တော့လည်း သူတို့က Private meeting လို့ပြောတယ်။ လောလောဆယ် ကျနော်သိသလောက်က AFP ရယ်၊ Reuters ရယ်၊ နောက် Japanese section တခုရယ်၊ မြန်မာတိုင်မ်းစ်ရယ်၊ အဲဒီလေးခုက ဓာတ်ပုံဆရာ ၄ ယောက်ပဲ ပေးဝင်တယ်။ ကျန်တဲ့သူတွေက အထဲဝင်လို့ မရဘူးပေါ့”

သတင်းထောက်တွေ သတင်းယူခွင့်မရသလို ထိုင်းနိုင်ငံဘက်ကလည်း ဒီတွေ့ဆုံမှုအတွက် ချက်ချင်း သတင်းထုတ်ပြန်ဖို့ မရှိဘူးလို့ သတင်းထောက်တွေကို ပြောတယ်လို့လည်း ဦးသီဟစောက ပြောသလို NLD ဘက်ကလည်း ဒီတွေဆုံမှုနဲ့ ပတ်သက်လို့ တစုံတရာ မပြောသေးပါဘူး။

“မေးတယ်။ သံရုံးကိုမေးတဲ့အခါမှာ တွေ့ခွင့်မပေးဘူးဆိုရင် statement ထုတ်မလားပေါ့နော်။ statement ထုတ်ဖို့ မရှိဘူးလို့တော့ နေ့ခင်းကပြောတယ်။ Private meeting မို့လို့ စတိတ်မဲန့် မထုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် normally ကတော့ ပြန်သွားပြီးလို့ရှိရင် ဟိုဘက်မှာ ထိုင်းကပြောပြီးတော့မှ အဲဒီဘက်က သတင်းပြန်ဝင်တာမျိုးလည်း ရှိတယ်”

ဒါ့အပြင် ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ၀န်ကြီးချုပ် မစ္စ်ယင်းလပ်ရဲ့ အကိုဖြစ်သူ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံက ဘန်ကောက်ပို့စ် သတင်းစာတွေမှာ ရေးသားပေမယ့် ပြည်တွင်းက အစိုးရ သတင်းစာမှာရော ပုဂ္ဂလိက သတင်းမီဒီယာတွေမှာ လုံးဝ ဖော်ပြတာမရှိပါဘူး။

တခါ ထိုင်းဘုရင့်မြေးတော် Bajrakitiyabha ( ဘာဂျရာ ခတ်တိဘာ) နဲအဖွဲ့ဟာလည်း ဒီဇင်ဘာ ၁၉ ရက်နေ့ကမှ မြန်မာပြည်က ပြန်သွားတာမှာ ပြန်တဲ့အကြောင်းတွေနဲ့ ပတ်သက်လို့ ဦးသီဟစော ပြောပြတာက

“ဒီပြည်တွင်းမှာတော့ လုံးဝအသိမပေးဘူး။ အသိမပေးဘူးဆိုတာက ဒီနေ့ အွန်လိုင်းမှာ ဘန်ကောက်ပို့စ်နဲ့ နေရှင်း ဖတ်တော့မှ သူလာသွားတယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့တယ်။ သမ္မတကြီးနဲ့တွေ့တယ်၊ နောက် မြန်မာခရီးစဉ်လည်း သူစီစဉ်သွားတယ်ပေါ့နော်။ ထိုင်းသတင်းစာတွေဖတ်မှ ကျနော်သိရတယ်။ သတင်း လုံးဝမထုတ်ပြန်ပါဘူး။ ထိုင်းဘုရင့် မြေးတော် လာတယ်ဆိုတာတော့ သတင်းစာတွေထဲမှာ brief ရေးတယ်လို့ ပြောတယ်။ ကျနော်တို့သိသလောက်ကတော့ ဗမာပြည်မှာရှိတဲ့ လုပ်ငန်းရှင်တချို့နဲ့လည်း တွေ့တယ်လို့ ပြောတယ်။ ကျနော်သိသလောက်တော့ ထွန်းဖောင်ဒေးရှင်းဘဏ်က ဦးသိန်းထွန်းတို့ ဘာတို့နဲ့ တွေ့တယ်လို့ ကြားတယ်။ ဒါပေမယ့် ကျနော်တို့ လောလော ဆယ်မေးလို့တော့ မရသေးဘူး”

မြန်မာ့ဓန မဂ္ဂဇင်းအယ်တီတာ ဦးသီဟစောပါရှင်။ မြန်မာနိုင်ငံကို ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က မြန်မာပြည်ကို တရက်တာ ခရီးလာစဉ်အတွင်းနေပြည်တော်မှာ သမ္မတ ဦးသိန်စိန်နဲ့ တွေ့ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ အဲဒီတခေါက်က မတွေ့သွားခဲ့ပါဘူး။

ဒါပေမယ့် လတ်တလော ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်ရော မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနေတဲ့ အခန်း ကဏ္ဍတွေကြောင့်ပါ ၀န်ကြီးချုပ် မစ္စ် ယင်းလပ် တွေ့တာ ဖြစ်တယ်လို့ ဝေဖန် သုံးသပ်ကြတာရှိသလို မြန်မာနိုင်ငံကို စီးပွားရေးအရ ထိုင်းအစိုးရ အစဉ်အဆက် အဆင်ပြေအောင် ဆက်ဆံ လာတာမို့ အခုဝန်ကြီးချုပ် ယင်းလပ်လက်ထက်မှာလည်း ဒီအစဉ်အလာတွေ အရ တွေ့တာ ဖြစ်တယ်လို့လည်း မြင်ကြသူတွေရှိပါတယ်ရှင်။

XS
SM
MD
LG