သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးဆွေးနွေးဖို့ အစိုးရက KIO ထံ အကြောင်းကြား


နိုင်ငံရေးဆွေးနွေးဖို့ အစိုးရက KIO ထံ အကြောင်းကြား
နိုင်ငံရေးဆွေးနွေးဖို့ အစိုးရက KIO ထံ အကြောင်းကြား

ပြည်ထောင်စုအဆင့်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟို ကော်မတီက ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။ ဒီလို ဖွဲ့စည်းဖို့ ပြင်ဆင်တာကတော့ နိုင်ငံရေးဆွေးနွေးဖို့ အတွက် မြန်မာအစိုးရဘက်ကနေ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးကြောင်း တရားဝင် အကြောင်းကြားလာတာကြောင့် ဖြစ်ပါတယ်။ KIO နဲ့ မြန်မာအစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မကြာခင် စတင်နိုင်မယ့် အလားအလာရှိနေပေမဲ့လည်း ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေပြီး စစ်ပြေး ဒုက္ခသည်တွေ သေဆုံးနေရတာတွေလည်း ရှိနေပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ထိုင်း အခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ စစ်ပွဲတွေ ရပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် ခြေလှမ်းသစ် တရပ်အဖြစ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကြားမှာ စတင် ပြင်ဆင်လာနေပြီ ဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ KIO က မြန်မာအစိုးရဲ့ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဗဟိုကော်မတီအစည်းအဝေးကျင်းပပြီး ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီလို နှစ်ဘက်ကိုယ်စားလှယ်တွေအကြား နိုင်ငံရေးဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ အခြေအနေကို KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

“ပြည်ထောင်စုအဆင့်၊ နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်ဖို့အတွက် သူတို့ကနေပြီးတော့ ကော်မတီတရပ်ဖွဲ့စည်းတဲ့အကြောင်းပေါ့နော်။ သူတို့ အဖွဲ့ထဲမှာ ဦးအောင်သောင်းက ခေါင်းဆောင်ပါတယ်။ အဲဒီစာကို သူတို့ သမ္မတရုံးကနေပြီးတော့ ထုတ်ပြန်ပေးတာရှိတယ်။ အဲဒီစာကို တရားဝင်အနေနဲ့ ကျနော်တို့ဘက်ကို ပေးပို့တာပါ။ ကျနော်တို့ဘက်ကလည်း KIO ဗဟို ကိုယ်စားလှယ်အဖွဲ့၊ ဖွဲ့စည်းပြီးတော့ သူတို့ကို အကြောင်းပြန်ကြားရမယ်။ ကိုယ်စားလှယ်အဖွဲ့ကို အတည်ပြုဖို့ကတော့ ၂ ရက်လောက်တော့ အချိန်ယူရအုံးမယ်”

KIO ဘက်က ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီးကြောင်း အကြောင်းပြန်ပြီးတဲ့နောက်မှာတော့ နှစ်ဘက် ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ ရက်သတ်မှတ်ကြမှာဖြစ်တယ်လို့ ဦးလနန်က ပြောပါတယ်။ မြန်မာအစိုးရဘက်က ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သောင်း၊ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်တို့ဦးဆောင်ပြီး စုစုပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ KIO အဖွဲ့ဟာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် နိုဝင်ဘာလ ၂၉ ရက်နေ့က နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာအစိုးရဘက်က အပစ်အခတ်ရပ်စဲရေးကို အဓိက ဆွေးနွေးခဲ့ပြီး KIO ဘက် နိုင်ငံရေးဆွေးနွေးဖို့ကို အလေးထား ပြောဆိုခဲ့တာကြောင့် သဘောတူညီချက် မရခဲ့ကြပါဘူး။

ဒီဇင်ဘာလ ၁၀ ရက်နေ့က သမ္မတဦးသိန်းစိန်က ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းဖို့ ညွှန်ကြားကြောင်း သတင်းတွေ ထွက်ပေါ်လာအပြီးမှာတော့ တိုက်ပွဲကြီးတွေ မဖြစ်တော့ပေမဲ့ တိုက်ပွဲငယ်တွေဟာ ဆက်ဖြစ်နေကြောင်း ဦးလနန်က ပြောပါတယ်။

ကချင်ပြည်နယ်အတွင် လတ်တလောအခြေအနေကိုတော့ ဦးလနန်က အခုလို ပြောပါတယ်။

“သူတို့တပ်တွေကို တိုးတာတွေကတော့ ထင်သာမြင်သာအောင်တော့ သူတို့က မလုပ်ဘူးခင်ဗျ။ ဒါပေမယ့် ညဘက်တွေကျရင် သူတို့က မော်တော်ယာဉ်တန်းတွေနဲ့ သူတို့ရဲ့ရှေ့တန်းစခန်းတွေကို လူအင်အားထပ်ဖြည့်တာမျိုး၊ လက်နက်ခဲယမ်းမီးကျောက်တွေကို ထပ်ပို့တာမျိုး၊ ရိက္ခာပို့ပေးတာမျိုးတွေကတော့ နေ့စဉ်နဲ့အမျှ လုပ်နေကြတယ်ခင်ဗျ။ ညကျမှ သူတို့က လှုပ်ရှားတာမျိုးရှိတယ်။ သူတို့ရဲ့တပ်တွေ ဆုတ်သွားတာတော့ အခုထိ ဘာမှမတွေ့ရသေးဘူး။ နဂိုရ်ရှိရင်းစွဲ ရှေ့တန်းစစ်မျက်နှာမှာတော့ တပ်အင်အားတွေက အလုံးအရင်းရှိနေတယ်။ သူတို့ရဲ့လှုပ်ရှားမှု ငြိမ်နေတဲ့သဘောပဲလို့ တွေ့ရတယ်ခင်ဗျ။ ဒါပေမယ့်လို့ တပ်တွေရုပ်သွားတာမျိုးတော့ မရှိသေးပါဘူး။ အဲဒါကြောင့်မို့လို့ ဒီတိုက်ပွဲတွေကတော့ အခုက ပြင်းပြင်းထန်ထန်မဖြစ်ဘူး ဆိုပေမယ့် ပြင်းပြင်းထန်ထန်ပြန်ပြီးဖြစ်လာဖို့ကလည်း အလားအလာ အများကြီး ရှိပါတယ်။”

ဒီနေ့ထုတ်မြန်မာအလင်းသတင်းစာမှာတော့ ၁၈ရက်နေ့က မိုးကောင်းမြို့နယ်အတွင်း ရထားသံလမ်း ၅ နေရာကို ဗုံးခွဲတိုက်ခိုက်ထား ကြောင်းနဲ့ ပေါက်ကွဲရာအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ယူနီဖောင်းဝတ် အလောင်း၂ လောင်းတွေ့ရကြောင်း ဖော်ပြထားပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး KIA က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဦးလနန်က ပြောဆိုပြီး အစိုးရတပ်တွေ ကချင်ပြည်နယ်အတွင်း မီးရထားနဲ့ ဝင်ရောက်လာတာတွေ ရှိနေမယ်ဆိုရင် ဒီလို တိုက်ခိုက်တာမျိုးတွေကိုတော့ ဆက်ရှိနေမှာဖြစ်တယ်လို့ ပြောပါတယ်။

KIA နဲ့ မြန်မာအစိုးရတပ်တွေအကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတာဟာ ၆ လကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ကချင်ဒုက္ခသည် အနည်းဆုံး ၃၀, ၀၀၀ ကျော်ဟာ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် စတဲ့ မြို့တွေနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသတွေကို ထွက်ပြေးနေကြရပါတယ်။

တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ်အတွင်းက မိုင်ဂျာယန်ဒေသဘက်မှာ ဒီလအတွင်း သေဆုံးသူ ဒုက္ခသည် အနည်းဆုံး ၅ ယောက် ရှိတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ တယောက်က ပြောပါတယ်။

“ဒုက္ခသည်တွေရဲ့ ကျန်းမာရေးအခြေအနေပိုဆိုးလာတယ်။ မနေ့ကလည်းတယောက်၊ အခုပဲ အသုဘ သွားချတယ်။ ကလေးမွေးပြီးတော့ အမေလည်းဆုံး၊ ကလေးလည်းဆုံး ဒီလထဲမှာချည့် ၅ ယောက် ရှိနေပြီ”

တရုတ်-မြန်မာနယ်စပ်ဒေသက ဒုက္ခသည်စခန်းတွေမှာ အဓိကအားဖြင့် ကလေးနဲ့ အမျိုးသမီးတွေ မကျန်းမမာဖြစ်နေကြပြီး သူတို့တွေဟာ စိတ်ဖိစီးမှုများတာ၊ အာဟာရ ပြည့်ဝအောင် မစားရတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာတွေကြောင့် ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်းကတော့ ကုလသမဂ္ဂက KIO အခြေစိုက်ရာ လိုင်ဇာမြို့က ဒုက္ခသည်တွေကို ထောက်ပံ့ကူညီတာတွေ စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ မိုင်ဂျာယန်ဒေသဘက်တော့ ပြင်ပက ကူညီထောက်ပံ့တာတွေ မရရှိသေးတာကြောင့် ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးအခက်အခဲတွေ ရင်ဆိုင်နေတယ်လို့ ဒုက္ခသည်အရေး ကူညီသူတွေက ပြောပါတယ်။

XS
SM
MD
LG