သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကော်မရှင် အင်းစိန်အကျဉ်းထောင် သွားရောက်ကြည့်ရှု


လူ့အခွင့်အရေးကော်မရှင် အင်းစိန်အကျဉ်းထောင် သွားရောက်ကြည့်ရှု
လူ့အခွင့်အရေးကော်မရှင် အင်းစိန်အကျဉ်းထောင် သွားရောက်ကြည့်ရှု

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက် ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့မှာပဲ ပထမဆုံးအကြိမ်အဖြစ် အကျဉ်းထောင်တွေထဲ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ပြည်တွင်းပြည်ပက တောင်းဆိုသံတွေနဲ့အတူ သက်ဆိုင်ရာမိသားစုတွေက လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်တွေ ကြီးကြီးမားမားရှိနေချိန်မှာပဲ အခုလိုသွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့မှာပဲ ရန်ကုန်အင်းစိန်ထောင်တွင်း ပထမဆုံးအကြိမ် အဖြစ် သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အကျဉ်းထောင်တွင်း သွားရောက်ခဲ့တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်လို့တော့ ကော်မရှင်ရဲ့ သုံးသပ်ချက် မရသေးမချင်းတော့ မပြောနိုင်သေးဘူးလို့လည်း ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။

“ဒီနေ့သွားတာတော့မှန်ပါတယ်။ ဒါပေမယ့်လို့ ဒါတော့ မပြောပါရစေနဲ့အုံးလို့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့သွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်ထဲမှာပြန်ပြီးတော့ အစည်းဝေးထိုင်ပြီးတော့မှပဲ ပြောပါ့မယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့ သွားတာနဲ့ ပတ်သက်လို့ ကော်မရှင်အဖွဲ့ဝင်တွေကြားထဲ ပြန်ပြီးတော့ သုံးသပ်ဖို့လိုပါတယ်”

လူအခွင့်အရေးကော်မရှင်အနေနဲ့ အင်းစိန်ထောင်ကို ဒီလိုသွားရောက်ကြည့်ရှုတာဟာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လူအခွင့်အရေးကော်မရှင်က လာရောက်တဲ့အတွက် အကျဉ်းသားတွေကိုစုပြီး တံခါးပိတ်ထားကြောင်း ဒီနေ့ ထောင်ဝင်စာသွားတွေ့လာတဲ့ နိုင်ငံရေးအကျဉ်သား ကိုဖြိုးဝေအောင်ရဲ့ ဇနီးဖြစ်သူကပြောပါတယ်။

“သူတို့ကို ၇ နာရီကတည်းက ပိတ်ထားတာတဲ့။ အခန်းတခါးထဲမှာ။ ၁၁ နာရီကျမှ လှမ်းခေါ်ဖို့လူလည်းမရှိ၊ အစောင့်လည်းမထားနဲ့ နောက်ဆုံး ၁၁ နာရီကျမှ ထမင်းစားရတယ်တဲ့။ အထဲကရော၊ အကျဉ်းသားတွေ ကရော ဗိုက်တွေဆာပြီးတော့ သူတို့က မနေ့က ၄ နာရီက စားထား ရတာလေ။ မနေ့ကတုန်းကလည်း လူကြီးလာမယ်ဆိုတာသိပြီးတော့ ထုံးတွေ၊ ဆေးတွေသုတ်တယ်ပေါ့ အမရယ်။ သုတ်တဲ့အချိန် ဘယ်သူ လာမှာလဲဆိုတာ လူ့အခွင့်အရေးက လာမယ်ဆိုတာကို မပြောဘူးပေါ့နော်။ သူတို့က သတင်းအမှောင်ချ ထားပြီးတော့ တကယ်တန်း လာတဲ့ အချိန်ကျတော့လည်း သူတို့ကို အခန်းထဲမှာ တိရစ္ဆာန်တွေလို ပိတ်ထား လိုက်တယ်။ တယောက်ယောက်လာတာမှန်သမျှ အကုန်လုံးက အဲလိုမျိုးပဲလေ။ အကျဉ်းသားတွေကို အခန်းထဲထည့်ပြီး ပိတ်ထားလိုက်တာ။ အဲဒါတွေကတော့ ထားလိုက်ပါ။ အခု လူ့အခွင့်အရေး ကော်မရှင်-သူဆိုလို့ရှိရင် ဘယ်လိုဖြစ်ဖြစ်ပေါ့။ အကျဉ်းသားတွေရဲ့ပကတိနေထိုင်တဲ့ကိစ္စရပ်တွေကို သိသင့်တယ်လေ။ ဒီအကျဉ်းသားတွေ ဘယ်လိုနေထိုင်စားသောက်တယ်။ ဘယ်လိုနေရတယ်၊ ဘယ်လိုထိုင်ရတယ်ဆိုတာ သိသင့်တယ်။ ဒီအပေါ်မှာ ဒီကော်မရှင်အနေနဲ့ကလည်း ဒါတွေကို လုပ်သင့်တာပေါ့နော်”

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက တောင်းဆိုနေကြတာပါ။ မြန်မာနိုင်ငံခရီးစဉ် အဆုံးသတ်သွားတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကတော့ နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်မရှိသူ၊ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ပြန်လွှတ်ပေးဖို့အတွက် မြန်မာအစိုးရကို မေတ္တာရပ်ခံထားပါတယ်။

ဒီအတွက် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့အခြေအနေရှိမရှိကို မေးကြည့်ခဲ့ရာမှာတော့ ဥက္ကဋ္ဌ ဦးဝင်းမြကအခုလိုပြောပါတယ်။

“အဲဒါတော့ ကျနော်တို့ မသိဘူးပေါ့နော်။ ကျနော်တို့ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးပေါ့နော်။ ဒါကတော့ အာဏာပိုင်တွေက ဆုံးဖြတ်မယ့်ကိစ္စပါ”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ရှိနေသေးကြောင်း မကြာသေးခင်ကပဲ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၊ AAPP ကပြောပါတယ်။ လူအခွင့်အရေး ကော်မရှင်ကတော့ ယုံကြည်ချက်ကြောင့်ကျတဲ့ အကျဉ်းသား ၅၀၀ ခန့်လောက်ပဲရှိကြောင်း ၂၀၀ ကျော် ပြန်လွှတ်ပေးခဲ့တာကြောင့် အခုဆိုရင် ၂၀၀ ကျော်လောက်ပဲကျန်ကြောင်း သုံးသပ်ထားပါတယ်။ မကြာခင်မှာပဲ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ရှိတယ်လို့ မီးရထားဝန်ကြီးဦးအောင်မင်းကလည်း တိုင်းရင်းသားလူမျိုးစုတွေနဲ့ တွေ့ဆုံချိန်မှာ ပြောထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG