သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်သွားမည်


Then Arkansas Gov. Bill Clinton speaks to a joint session of the Arkansas Legislature in 1989.
Then Arkansas Gov. Bill Clinton speaks to a joint session of the Arkansas Legislature in 1989.

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါဟာ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ အင်ဒိုနီးရှားနဲ့ မြန်မာကိစ္စကြား ပူးတွဲကော်မရှင်စည်းဝေးပွဲတခု လာတက်မယ့် တရက်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှာ ဖြစ်ပါတယ်။ တွေ့တဲ့အခါ ၂၀၁၄ မှာ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားရေးဝန်ကြီးတွေ တယောက်ပြီးတယောက်လာနေကြတဲ့ထဲမှာ Indonesia နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ (Marty Natalegawa) မြန်မာနိုင်ငံကိုလာမှာ ဖြစ်ပါတယ်။ နက်ဖြန် ရန်ကုန်ကိုရောက်လာမယ့် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အကြောင်း ပြောခွင့်ရသူ Michael Tene က ခုလိုပြောပြပါတယ်။

၂ နိုင်ငံကြားကိစ္စတွေကို ဆွေးနွေးမဲ့ ပူးတွဲကော်မရှင်စည်းဝေးပွဲအတွက် ရန်ကုန်ကိုပဲသွားမှာဖြစ်တယ် ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရသူက ပြောသွားတာဖြစ်ပါတယ်။ ဒီတခါ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ အာဆီယံအလှည့်ဥက္ကဋ္ဌတယောက်အနေနဲ့ထက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအဖြစ် သွားတာဖြစ်ပြီး မြန်မာနဲ့ အင်ဒိုနီးရှားနိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဖလှယ်ရေး ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးရုံးကလည်း ပြောပါတယ်။

နေ့ချင်းပြန် ခရီးစဉ်အတွင်းမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည်ပိုင်းမှာ တွေ့ဆုံမှာဖြစ်ပြီး အဲဒီနောက်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ကြတဲ့အခါမှာတော့ အာဆီယံကိစ္စတွေကို အဓိကထား ဆွေးနွေးကြလိမ့်မယ်လို့ မြန်မာနဲ့ အာဆီယံ သတင်းတွေကို သုံးသပ်ရေးသားနေတဲ့ The Nation သတင်းစာတိုက်က သတင်းစာဆရာ Kavi Chongkittavorn က ခန့်မှန်းပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ပြီးဆုံးတော့မယ့် Mr. Marty အနေနဲ့ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အတွက် အာဆီယံဥက္ကဋ္ဌ တာဝန် ဘာကြောင့် ပေးဖို့ ဆုံးဖြတ်သလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြမယ်လို့ ထင်ပါတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အာဆီယံရဲ့ နောက်ခြေလှမ်းတွေက ဘာလဲဆိုတာကို သိချင်ပါလိမ့်မယ်တဲ့ အဓိကကတော့ အာဆီယံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်မှု ရှိအောင်လုပ်ချင်တယ်လို့ သတင်းစာဆရာ ကာဝီက မြင်ပါတယ်။ ဒါဆိုရင် ဘာကြောင့် အခုမှ နီးစပ်အောင် လုပ်ချင်ရတာပါလဲ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က သူ့ပါတီကို ပြန်ပြီး မှတ်ပုံတင်တယ်၊ သူကိုယ်တိုင်လည်း ရွေးကောက်ပွဲ ဝင်ဖို့ ပြင်နေတယ်။ ဒီလို အဓိက နိုင်ငံရေးလုပ်ငန်းစဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်ဝင်လာတဲ့ အခါကျတော့ အာဆီယံဘက်က သူနဲ့ ဆွေးနွေးမှုတွေ လုပ်လာဖို့ အရေးကြီးတယ်လို့ ပြောသွားတာပါ။ အရင်က အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံရေး အတိုက်အခံတွေနဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံ ဆွေးနွေးတာမျိုး သိပ်မရှိခဲ့ပါဘူးတဲ့။ ဒါကြောင့် ခုလိုဒီမိုကရေစီခေါင်းဆောင်နဲ့ တွေ့ဆုံပြီး ဆွေးနွေးတာက မြန်မာနိုင်ငံက ဒီမိုကရေစီရေး ဆောင်ရွက်မှုတွေကို အားဖြည့်ရာရောက်တယ်လို့ မြန်မာနဲ့ အာဆီယံသတင်းတွေကို တောက်လျှောက်ရေးနေတဲ့ The Nation သတင်းစာဆရာ ကာဝီ ချုံ ကစ်တဗွန် (Kavi Chongkittavorn) က သုံးသပ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါဟာ အောက်တိုဘာလကုန်ပိုင်းတုန်းကလည်း မြန်မာနိုင်ငံကို ၃ ရက်ခရီးသွားခဲ့ပါတယ်။ အဲဒီခရီးတုန်းကတော့ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ် အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူဖို့ သင့်မသင့်ဆိုတာကို သွားရောက် လေ့လာခဲ့တာပါ။ မြန်မာနိုင်ငံမှာ နောက်ပြန်လှည့်မှာ မဟုတ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နေပြီလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အဲဒီခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲတွေကို ဝင်သွားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်ပြီး နောက်မှာလည်း မြန်မာနိုင်ငံက ဒီမိုကရေစီရေးလုပ်ငန်းစဉ်တွေအပေါ်မှာ သူ့အနေနဲ့ အင်မတန် အကောင်းမြင်တယ်လို့ ဝန်ကြီး မာတီ နာတာလီဂါဝါက ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ အခုမြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာနဲ့ အင်ဒိုနီးရှားကြားမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး၊ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေဆွေးနွေးဖို့ရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အစောပိုင်းက ပြောထားပါတယ်ရှင်။

XS
SM
MD
LG