သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kurt Campbell အရှေ့အာရှခရီးစဉ်အတွင်း မြန်မာ့အရေးဆွေးနွေးမည်


A boy is pulled from beneath a collapsed wall at the Plaza Towers Elementary School following a tornado in Moore, Okla., Monday, May 20, 2013.
A boy is pulled from beneath a collapsed wall at the Plaza Towers Elementary School following a tornado in Moore, Okla., Monday, May 20, 2013.

မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ထွန်းမှုတွေအပါအဝင် အာရှ-ပစိဖိတ်ဒေသတွင်း ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဟာ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေကို ရှေ့သီတင်းပတ်ထဲ သွားရောက်မှာ ဖြစ်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Darek Mitchell ဒီ အာရှ ၃ နိုင်ငံကို သွားရောက်ပြီး မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုတွေ ရနိုင်ဖို့ ကြိုးစားတဲ့ခရီးစဉ်အပြီး တလမပြည့်ခင် အမေရိကန်ထိပ်တန်းအရာရှိတဦး သွားရောက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Kert Campbell ဟာ ရှေ့တပတ်ကြာသာပတေးနေ့မှာ သူ့ရဲ့ အာရှ ၃ နိုင်ငံခရီးစဉ်ကို စတင်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဒါရာပါရာဒီဆို (Darragh Paradiso) က ဗွီအိုအေကို ပြောပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဝန်ကြီး Kurt Campbell ဟာ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ကနေ ၇ ရက် နေ့တွေမှာ သွားဖို့ရှိပါတယ်။ အဲဒီနိုင်ငံတွေက အကြီးတန်းအရာရှိတွေနဲ့ မြန်မာနဲ့မြောက်ကိုရီးယားဆိုင်ရာ နောက်ဆုံးပြောင်းလဲ တိုးတက်မှုတွေအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်”

မြန်မာ့နိုင်ငံရေးမှာ တိုးတက်ပြောင်းလဲမှုတွေရှိလာအောင် ဒေသတွင်း မဟာမိတ်နိုင်ငံတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေရဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်ဟာ ဒီဇင်ဘာလ ၈ ရက်ကနေ ၁၃ ရက်အထိ တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။ အာရှ ၃ နိုင်ငံက အစိုးရပိုင်း တာဝန်ရှိသူတွေကို အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကိုရော၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်တွေကိုပါ ရှင်းပြခဲ့ပြီး ဒေသတွင်းနိုင်ငံတွေရဲ့ သဘောထားကို တီးခေါက်ခဲ့တာပါ။

မစ္စတာမစ်ချဲလ်ဟာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာ မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံခရီးစဉ်အပြီးမှာတော့ မြန်မာနဲ့တရုတ် ၂ နိုင်ငံကြားဆက်ဆံရေးဟာ အမေရိကန်နိုင်ငံကြောင့် ပြဿနာမဖြစ်စေချင်ကြောင်း ပြောကြားခဲ့ပါတယ်။ အခု နောက်ထပ်တလ မပြည့်ခင်မှာပဲ မစ္စတာ ကတ်၊ ကမ့်ဘဲလ်ကလည်း ဒီဒေသတွင်း မဟာမိတ်နိုင်ငံကြီး ၃ နိုင်ငံကို ထပ်မံပြီး သွားရောက်တာဖြစ်ပါတယ်။

“ဒီနိုင်ငံ ၃ နိုင်ငံကို ဒဲရက် မစ်ချဲလ်သွားတုန်းက မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် သွားခဲ့တဲ့ခရီးစဉ်အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ ကတ်၊ ကမ့်ဘဲလ်သွားတဲ့အခါမှာတော့ ဒီအကြောင်းအရာ တချို့ပါ ပါဝင်မှာဖြစ်သလို သူက အရှေ့အာရှနဲ့ ပစိဖိတ်ဒေသကြီးတခုလုံးအတွက် အမေရိကန်ရဲ့ မူဝါဒရေးရာဆိုင်ရာ တာဝန်ရှိသူမို့ မြန်မာကိစ္စအပြင် ဒီနိုင်ငံတွေနဲ့ အမေရိကန် ၂ နိုင်ငံဆက်ဆံရေး ဒေသတွင်း နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေပါ ဆွေးနွေးမှာပါ”

မစ္စတာကမ့်ဘဲလ်ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်နဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အမေရိကန်အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ်ပို့စ်နာတို့နဲ့အတူ ဒီဇင်ဘာလဆန်းက နိုင်ငံခြားရေးဝန်ကြီးကလင်တန်ရဲ့ မြန်မာနိုင်ငံတွင်း ပြောင်းလဲတိုးတက်မှုတွေ အကဲခတ်ဖို့ သွားရောက်တဲ့ခရီးစဉ်မှာ အတူလိုက်ပါသွားခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီရေးပြောင်းလဲမှုတွေ ဆက်ပြီးလုပ်ဆောင်နေမယ် ဆိုရင် အမေရိကန်နိုင်ငံက မိတ်ဆွေကောင်းအဖြစ်နဲ့ လက်တွဲသွားမယ့်အပြင် ပံ့ပိုးကူညီမှုတွေ တိုးပြီးပေးသွားဖို့ရှိတယ်လို့ ဝန်ကြီးကလင်တန်ရဲ့ခရီးစဉ်အပြီး အမေရိကန်အစိုးရက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG