သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖဒိုမန်းငြိမ်းမောင် အထူးဧည့်သည်အဖြစ် နေပြည်တော် ရောက်


ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မီတီဝင်ဦးမန်းငြိမ်းမောင်ကို နေပြည်တော်ကို ခေါ်ဆောင်ပြိး မီးရထားဝန်ကြီးဦးအောင်မင်းနဲ့ တွေဆုံနေပြီဖြစ်ကြောင်း၊ မကြာခင်မှာ နယ်စပ်ကို ပြန်ပို့ဆောင်ပေးမှာဖြစ်တယ်လို့ မြန်မာအစိုးရဘက်က ဆက်သွယ်ရေး ကိုယ်စားလှယ်ကတဆင့် အကြောင်းကြားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက VOA ကို ပြောပါတယ်။ ထိုင်းအခြေစိုက် ဗီအိုအေ သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

ထောင်ဒဏ် တသက်တကျွန်းကျပြီး၊ တပတ်မကြာခင်မှာပဲ သမတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ ကေအန်ယူခေါင်းဆောင် ဦးမန်းငြိမ်းမောင်ကို မတ်လ၁၉ရက်နေ့ကပဲ မြန်မာအစိုးရတာဝန်ရှိသူတွေက နေပြည်တော်ကို ခေါ်ဆောင်သွားခဲ့ကြောင်း ကေအန်ယူရဲ့ ဦးဆောင်ကော်မတီဝင် ဦးစောဒေးဗစ်ထောက ပြောပါတယ်။

“ကျနော်တို့ဆီ တိုက်ရိုက်အကြောင်းကြားတာကို ပြောမယ်ဆိုရင်တော့ သူ့ကို လွှတ်လိုက်ပြီ ဆိုတဲ့အကြောင်းနဲ့ ခုလောလောဆယ် နေပြည်တော်မှာ အထူးဧည့်သည် အနေနဲ့ ဝန်ကြီး ဦးအောင်မင်းဆီကို ရောက်နေပါတယ်။ ဝန်ကြီးဦးအောင်မင်းက ပြန်လာပို့ပေးမယ်ဆိုတဲ့အကြောင်း ပြောပြတယ်။ တခြား ဘာမှထွေထွေထူးထူး မသိရသေးဘူး။ သိသလောက်ဆိုရင် မနေ့က မနက်က သူ့အမှုကိစ္စအကူအညီပေးခဲ့တဲ့ ဦးချစ်ကိုကို ဖုန်းနဲ့ ဖဒိုမန်းငြိမ်းမောင်နဲ့ တိုက်ရိုက်စကားပြောခွင့်ရတယ်။”

ဦးမန်းငြိမ်းမောင်နဲ့ စကားပြောဆိုခွင့်ရတဲ့အချိန်မှာ သူ့အနေနဲ့ သူလွတ်မြောက်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းတဲ့မိတ်ဆွေတွေကို သတိရကြောင်းတွေ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

သူကတော့ အခြေနေကောင်းတယ်၊ သူ့ကျန်းမာရေးလည်း ကောင်းတယ်၊ နောက်ပြီးတော့ အားလုံးအဆင်ပြေတယ်၊ ဒီက မိသားစုတွေရယ်၊ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေရယ်ကို သတိရကြောင်း တဆင့်စကားပါးပေးဖို့ ပြောပါတယ်။

ဦးမန်းငြိမ်းမောင်ကို အခုလို ပြန်လွှတ်ပေးခြင်းဟာ ကေအန်ယူ နဲ့ မြန်မာအစိုးရကြား အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် ယုံကြည်မူတည်ဆောက်တဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ကြောင်းတွေကိုလည်း ပြောသွားပါတယ်။

“ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းမှာ တခုပဲပေါ့နော်၊ အစိတ်အပိုင်းတခုလို့ပဲ မြင်ပါတယ်။ နောက်တခုကလည်း ဝန်ကြီးဦးအောင်မင်းကလည်း ဖဒိုမန်းငြိမ်းမောင် လွတ်မြောက်မှုအတွက် သူ တင်ပြတောင်းဆိုမှုက အကောင်အထည်ပေါ်တယ်လို့ပဲ ကျနော်တို့ အဲလိုပြောချင်ပါတယ်။”

ဦးမန်းငြိမ်းမောင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တရုတ်ပြည် ကူမင်းလေဆိပ်ကနေ မြန်မာပြည်ကို ရောက်သွားခဲ့ပြီး လူဝင်မှုဥပဒေနဲ့ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် ၆လ ကျခံခဲ့ရပါတယ်။ ဒီ့နောက် တရားမဝင်အသင်းအဖွဲ့ ပုဒ်မ ၁၇ (၁) နိုင်ငံတော်ပုန်ကန်မူ ၁၂၂ (၁) တ့ိုနဲ့ တရားစွဲဆိုခံရပြီး ထောင်တသက်တကျွန်း ကျခံခဲ့ရပါတယ်။

မြန်မာအစိုးရကို မတ်လ ၁၉ရက်နေ့က သူတယောက်တည်းကိုပဲ ပုဒ်မ ၄၀၁ နဲ့ ပြန်လွှတ်ပေးခဲ့ပြီး မကြာခင်မှာပဲ နယ်စပ်က မိခင်အဖွဲအစည်းဖြစ်တဲ့ ကေအန်ယူထံကို လာရောက် ပို့ဆောင်ပေးမယ်လို့ပြောခဲ့ကြောင်း ကေအန်ယူ ဘက်က အတည်ပြု ပြောကြားပါတယ်။

XS
SM
MD
LG