သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ရေး ၆၄ နှစ်ပြည့်ပေမဲ့ လွတ်လပ်မှုအတွက်ရုန်းကန်ရဆဲ


လွတ်လပ်ရေး ၆၄ နှစ်ပြည့်ပေမဲ့ လွတ်လပ်မှုအတွက်ရုန်းကန်ရဆဲ
လွတ်လပ်ရေး ၆၄ နှစ်ပြည့်ပေမဲ့ လွတ်လပ်မှုအတွက်ရုန်းကန်ရဆဲ

ဒီနေ့ ဇန်နဝါရီလ ၄ ရက်နေ့ဟာ ဗြိတိသျှ ကိုလိုနီလက်အောက်ကနေ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ (၆၄) ပြည့်တဲ့ အချိန်ဖြစ်ပါတယ်။ သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့ပြီးတဲ့နောက် နှစ် ၆၀ ကျော် ကာလအတွင်း ကိုယ့်အမျိုးသား အုပ်ချုပ်မှု အောက်မှာ မြန်မာပြည်သူ ပြည်သားတွေ လွတ်လပ်ခြင်း ဆိုတာကို အပြည့်အ၀ ခံစားခဲ့ကြရပါသလား။ လွတ်လပ်ခြင်းလို့ ဆိုတဲ့နေရာမှာရော ဘယ်လို အခြေအနေမျိုးကို ဆိုရမှာပါလဲ။ ကဗျာဆရာ မောင်စွမ်းရည်ကတော့ လွတ်လပ်ရေး ဆိုတာ ကို နိုင်ငံတော်သီချင်းထဲမှာ အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံတော်သီချင်းထဲမှာ တရားမျှတ၊ လွတ်လပ်ခြင်းနဲ့မသွေ၊ တို့ပြေ၊ တို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြေ၊ တို့ပြေ၊ တို့မြေ ဆိုတာ - အဲဒါ လွတ်လပ်ရေးရဲ့ အဓိပ္ပာယ်ပါပဲ၊ တရားမျှတရမယ်၊ ခွင့်တူညီမျှ ရှိရမယ်။ သူ့ကျွန်ဘဝကလွတ်မြောက်ရမယ်။ သူ့ကျွန်ဘဝဆိုတာက အရင်တုန်းကတော့ နိုင်ငံခြားအုပ်ချုပ်မှု၊ တိုင်းတပါးအုပ်ချုပ်မှု၊ အင်္ဂလိပ်ကျွန်ဘဝကနေ လွတ်မြောက်တာပေါ့။ နောက်ထပ် တရားမျှတတဲ့၊ ခွင့်တူညီမျှတဲ့အခွင့်အရေးတွေရှိတဲ့ ပြည်သူတွေရဲ့ဘဝကို လွတ်လပ်တဲ့ဘဝ၊ လွတ်လပ်တဲ့ခေတ်၊ လွတ်လပ်ရေးရတယ်လို့ ဆိုလိုတာဖြစ်ပါတယ်”

တိုင်းတပါးကျွန်ဘဝက လွတ်မြောက်ခဲ့ပေမဲ့လည်း ကိုယ့်အမျိုးသား အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်သူတွေ လွတ်လပ်ခြင်းအတွက် ဆက်လက် တိုက်ပွဲဝင်နေရတုန်းပဲလို့ စွယ်စုံအနုပညာရှင် ဒါရိုက်တာဝင်းဖေကလည်း အခုလို သုံးသပ် ပြောဆိုပါတယ်။

“လူတွေရဲ့လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့် နော်- အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ကတော့ ဗမာပြည်မှာ အထင်အရှားပဲ၊ အားလုံးကပဲ ယူဆတယ်။ နှစ်ပေါင်း ၃-၄၀ ရှိပြီ။ စစ်တပ်အုပ်ချုပ်ရေးအောက်မှာ လွတ်လပ်ခွင့်မရှိတော့ဘူး။ ဒါကတော့ ကိုယ့်စစ်တပ်အောက်မှာ၊ ကိုယ့်အမျိုးသားအုပ်ချုပ်မှုအောက်မှာကိုယ် လွတ်လပ်မှုမရှိတော့တာ။ ဒါကြောင့်မို့ ဒီကနေ့အထင်အရှားပြောတယ်။ ဒုတိယလွတ်လပ်ရေးတိုက်ပွဲဆိုပြီးတော့-ဒီကနေ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုပေါ့လေ။ ဒုတိယလွတ်လပ်ရေးကြိုးပမ်းမှုလို့ဆိုတယ်။ ကျနော်တို့က အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တာ မှန်တယ်။

သို့သော်လည်း ကိုယ့်အမျိုးသားချင်းကိုယ် ပြန်ပြီးတော့ ကိုယ့်စစ်တပ်အောက်မှာ ပြန်ပြီးတော့ လွတ်လပ်ရေးဆုံးရှုံးခဲ့တယ်။ အခု လွတ်လပ်ရေးရအောင် ပြန်ပြီးကြိုးပမ်းနေကြရတယ်။ အထင်ရှားဆုံး တချက်ကတော့ပေါ့ဗျာ။ ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာနဲ့ ပတ်သက်လို့ အခု အရေးတကြီးတောင်းဆိုနေကြရတယ်။ မလွတ်မလပ်ဖြစ်နေတယ်။ ဒါကိုက- နိုင်ငံရေးအကျဉ်းသားဆိုတာ ရာဇဝတ်အကျဉ်းသားမဟုတ်ဘူးဗျ။ ဒီလွတ်လပ်ရေးတိုက်ခိုက်မှုနဲ့ပတ်သက်လို့ လူ့အခွင့်အရေးတိုက်ခိုက်မှုနဲ့ပတ်သက်လို့၊ ဒီမိုကရေစီရေးတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ချုပ်ထားတာ၊ ဒါဟာ မလွတ်လပ်ခြင်းရဲ့ အဓိက ထင်ရှားတဲ့ အချက်တခုပါပဲ။ ဒိပြင်နည်းတွေနဲ့မလွတ်လပ်တာတွေလည်း အများကြီးပါပဲ။ ”

ဒီကနေ့ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံရေးအရ တိုးတက်မှုတချို့ ရှိလာတယ်၊ လွတ်လပ်မှုတချို့ ရလာတယ်လို့ ယူဆ ပြောဆိုမှုတွေ ရှိသလို ဒီအခြေအနေတွေကို အကောင်းဘက်ကို ဆက်ပြီး ဦးတည် ကြိုးပမ်းသွားဖို့လိုတယ်လို့ ဆရာမောင်စွမ်းရည်က ပြောပါတယ်။

“အရပ်သားအစိုးရရယ်လို့ ဖြစ်လာတဲ့အခါမှာ စစ်ကျွန်ဘဝကနေပြီးတော့ အရပ်သားအစိုးရ ရယ်လို့ ပြောင်းလာတယ်ဆိုတာ တိုးတက်မှုတခုလို့ ဆိုနိုင်ပါတယ်။ အဲဒီတိုးတက်မှုကနေပြီးတော့ ဆက်လက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေလို ဟာမျိုးထဲက စစ်တပ်ကိုသာ အရှင်သခင်၊ စစ်တပ်က အချိန်မရွေးအုပ်ချုပ်၊ အာဏာသိမ်းနိုင်တယ်။ စစ်တပ်ကို အရေးမယူနိုင် ဆိုတာမျိုးတွေပေါ့လေ- အဲလိုသဘောတရားမျိုးတွေ ပျောက်သွားအောင် ဆက်လက် လုပ်နိုင်မယ်ဆိုလို့ရှိမှသာလျှင် တကယ့်လွတ်လပ်တဲ့ အခြေအနေကိုရောက်မယ်။ တရားမျှတပြီးတော့ လူတိုင်း ခွင့်တူညီမျှရှိမယ်ဆိုပြီးတော့ အခုတော့ နိုင်ငံတော်သီချင်းထဲမှာပါတဲ့ ခွင့်တူညီမျှ ဆိုတာမျိုး၊ တရားမျှတတာမျိုး မရှိသေးတဲ့အတွက်ကြောင့် လုံးဝလွတ်လပ်တဲ့ အခြေအနေကို မရောက်သေးဘူးလို့ ယူဆပါတယ်ဗျာ”

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၁ ထောင်ကျော် ရှိနေတုန်းပဲလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ နောက်ဆုံးပြုစုထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ မနေ့က အကျဉ်းသား တချို့ ပြန်လည် လွတ်မြောက်ခဲ့တာမှာလည်း နိုင်ငံရေး အကျဉ်းသားကတော့ ဆယ်ဂဏန်းသာ ရှိခဲ့တာမို့ လက်ရှိ အရပ်သားအစိုးရဟာလည်း လွတ်လပ်ခွင့် အပါအဝင် အခြေခံ လူ့အခွင့်အရေးတွေကို ကန့်သတ်ပိတ်ပင် နေတုန်းပဲလို့ သုံးသပ်သူတွေက ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG