သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားလွှတ်မှ အမေရိကန်-မြန်မာဆက်ဆံရေးတိုးတက်မည်


နိုင်ငံရေးအကျဉ်းသားလွှတ်မှ အမေရိကန်-မြန်မာဆက်ဆံရေးတိုးတက်မည်
နိုင်ငံရေးအကျဉ်းသားလွှတ်မှ အမေရိကန်-မြန်မာဆက်ဆံရေးတိုးတက်မည်

အမေရိကန်-မြန်မာဆက်ဆံရေး တိုးတက်ကောင်းမွန်စေချင်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရမှာ ဖြစ်ပြီးတော့ ဒီကိစ္စဟာ မြန်မာအစိုး ရဘက်က တိုးတက်တဲ့ခြေလှမ်းတွေ လှမ်းပြတဲ့နေရာမှာ အရေးကြီးတဲ့အချက် တစ်ချက်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက် ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ ကျော်ရှိနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်နေဆဲဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ မြန်မာအစိုးရက တတိယအကြိမ် လွတ်ငြိမ်ချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ပေးလိုက်ပြီး အကျဉ်းသားတွေရဲ့ အကျဉ်းကျပြစ်ဒဏ် ရက်တွေကို လျှော့ပေါ့ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ နဲ့တကွ အမေရိကန်ပြည်ထောင်စုကပါ တောင်းဆိုနေချိန်မှာ သမ္မတဦးသိန်းစိန်အစိုးရက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက် လွတ်လာမလဲလို့ အများက စောင့်ကြည့်နေခဲ့ကြတာပါ။

အခု ဒီအမိန့်နဲ့ လွတ်လာတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်း သား တစ်ယောက်မှ မတွေ့ရတာကြောင့်၊ အမေရိကန်အစိုးရဘက်က ဒီလွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်တယ်ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နျူလယ်န်(ဒ်) Victoria Nuland က အခုလို ပြောပါတယ်။

“ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ရှိလည်း ဒါဟာ နိုင်ငံရေးအကျဉ်းသားပဲလို့ မြင်ပါတယ်ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို ရောက်တုန်းကကော ရန်ကုန်မှာရှိနေတုန်းကပါ သေသေချာချာပြောခဲ့ပါတယ်။ မြန်မာအစိုးရက ဇန်နဝါရီလ(၂)ရက်နေ့ က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ဟာ အကျဉ်းသားများအတွက် ပြစ်ဒဏ်ရက်လျှော့ပေါ့ပေးတဲ့ ချမ်းသာခွင့် ဖြစ်ပါတယ်။ ဒီကြေငြာချက်ကြောင့် နိုင်ငံရေးအကျဉ်းသား (၁၀) ယောက်လောက်သာ ပြန်ပြီး လွတ်လာတာ တွေ့ရပါတယ်။

သူတို့ဟာလည်း ပြစ်ဒဏ်ရက်လျှော့ပေးလိုက်တဲ့အတွက် ရက်စေ့သွားလို့ လွတ်လာသူတွေပါ။ မြန်မာအကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားက ၁,၀၀၀ ကျော်ကျော်ရှိနေတဲ့အတွက် အမေရိကန် ပြည်ထောင်စုက စိုးရိမ်နေဆဲဖြစ်ပါတယ်။ သူတို့ကို ချွင်းချက်မရှိ အမြန်ဆုံးပြန်ပြီး လွှတ်ပေးဖို့ မြန်မာ အစိုးရကို အမေရိကန်က တောင်းဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အခုအထိ မြန်မာအစိုးရက ဖမ်းဆီးထိန်းသိမ်းထားတာအတွက် ချွင်းချက်မရှိ ပြန်ပြီးလွှတ်ပေးဖို့ တောင်းဆိုချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hilary Clinton) မကြာခင်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး အမေရိကန်-မြန်မာဆက်ဆံရေးကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ဖို့ ကြိုးစားနေချိန်မှာလည်း တောင်းဆိုခဲ့တာပါ။

အမေရိကန်မြန်မာ နှစ်နိုင်ငံကြားဆက်ဆံရေး တိုးတက်မှုရှိစေဖို့အတွက် အမေရိကန်ဘက်က တောင်း ဆိုချက်တွေထဲမှာ ဒါဟာ အရေးအကြီးဆုံး တောင်းဆိုချက်မို့ အခု မြန်မာအစိုးရရဲ့ လု့ပ်ဆောင်ချက်ဟာ စီးပွားရေးပိတ်ဆို့အရေးယူဒဏ်ခတ်မှုလိုမျိုး အမေရိကန်နိုင်ငံဘက်က ပြန်လည် သုံးသပ်ရမယ့်ကိစ္စမျိုးတွေ ဖြစ်လာစေဖို့အတွက် အထောက်အကူ မဖြစ်စေဘူးလို့ ဗစ်တိုးရီးယား နျူလန် (Victoria Nuland) က ဆိုပါတယ်။

“ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိစ္စဟာ မြန်မာအစိုးရဘက်က တိုးတက်တဲ့ ခြေလှမ်းတွေ လှမ်းရာမှာ အရေးအကြီးဆုံး အချက်တွေထဲက တစ်ချက်ဆိုတာကို အမေရိကန်ပြည်ထောင်စုက ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်ပါတယ်။ အမေရိကန်အစိုးရဘက်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တစုံတရာ ထူးခြားတဲ့ဆုံးဖြတ်ချက် မချမှတ်ခင် မြန်မာအစိုးရဘက်က လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အခု လုပ်ဆောင်ချက်ကတော့ အမေရိကန် ပြည်ထောင်စုဘက်က အပြောင်းအလဲတွေ လုပ်လာစေဖို့ လုပ်ဆောင်ချက်မျိုး မဟုတ်ပါဘူး”

ဇန်နဝါရီ (၃) ရက်နေ့က ပြန်ပြီးလွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၀ လောက်ပဲ ရှိတယ်လို့ ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ထိုင်းအခြေစိုက် AAPPB နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ကနေ ပြုစုထားတဲ့ စာရင်းအရတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားက ၁,၅၀၀ ကျော်ရှိနေတာပါ။

အခုအချိန်အထိ အစိုးရသစ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေကြောင့် လွတ်မြောက်လာသူ အကျဉ်းသား ၂၀,၀၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားက ၃၀၀ ကျော်ပဲ ရှိနေသေးပြီး ကိုမင်းကိုနိုင်တို့လို (၈၈)မျိုး ဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ဦးခွန်ထွန်းဦးတို့လို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အရှင်ဂမ္ဘီရတို့လို ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ခေါင်းဆောင်တွေကတော့ အခုထိ အကျဉ်းကျနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG