သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေ စိတ်ပျက်


နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေ စိတ်ပျက်
နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေ စိတ်ပျက်

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီကနေ့ အကျဉ်းသားတချို့ ပြန်လွတ်လာကြတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားက ဆယ်ဂဏန်းလောက်ပဲ ပါပါတယ်။၊ နှစ်ရှည်အကျဉ်းကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေမပါနိုင်ဘူးဆိုတာ တွက်ကြည့်နိုင်ပေမဲ့ တချို့ မိသားစုဝင်တွေကတော့ လွတ်များ လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အကျဉ်းထောင်တွေထဲမှာ သွားပြီး စောင့်ဆိုင်းခဲ့ကြပါတယ်။ ဘယ်ထောင်တွေက နိင်ငံရေး အကျဉ်းသားတွေ လွတ်ပြီလဲဆိုတာကို စောင့်ကြည့်နေတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ရှိတဲ့ အကျဉ်းထောင်တွေကနေ ဘယ်သူတွေ ဘယ်နှစ်ယောက် လွတ်လာပြီလဲ ဆိုတာကို စောင့်ကြည့်နေတဲ့သူတွေက စာရင်းတွေ ပြုစုနေဆဲဖြစ်တာမို့ အတိအကျ ဘယ်နှစ်ယောက်လဲဆိုတာ ပြောဖို့ ခက်နေပါတယ်။ NLD စာရင်းအရ စုစုပေါင်း ၁၀ ယောက်လို့ ပြောပါတယ်။ နောက်ထပ်တိုးကောင်း တိုးလာနိုင်တာကိုလည်း အသိအမှတ်ပြုပါတယ်။ နောက် ပြည်တွင်းမှာပဲရှိတဲ့ နိုင်ငံရေးအကျဉ်းသားအကျိုးဆောင်ကွန်ယက် ပြောခွင့်ရသူ ကိုအောင်ဇော်ထွန်းကတော့ သူတိုခုချိန်ထိ စာရင်းရတာ ၂၂ ယောက်လို့ ပြောပါတယ်၊

“ကျနော်တို့ သတင်းရသလောက်က တောင်ငူထောင်ကဆိုရင် ၆ ယောက်လွတ်တယ်၊ အင်းစိန်ထောင်က ၃ ယောက် လွတ်တယ်။ တောင်ကြီးထောင်က ၃ ယောက်လွတ်တယ်။ မြိတ်ထောင်က ၁ ယောက်လွတ်တယ်။ ပြည်ထောင်က ၁ ယောက်လွတ်တယ်။ စစ်တွေထောင်က ၁ ယောက်ပေါ့နော်။ ပုသိမ်ထောင်က စုစုပေါင်း ၂ ယောက်၊ ပူတာအိုထောင်က ၁ ယောက်၊ ပဲခူးထောင်က ၁ ယောက်၊ ကသာထောင်က ၁ ယောက်။ အားလုံးပေါင်း လူစာရင်းနဲ့ထောင်စာရင်း အကြမ်းဖျင်း ကျနော်တို့ရထားတာက ၂၂ ယောက်၊ ”

အင်းစိန်ထောင်ကနေ လွက်ရက်စေ့တဲ့နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတယောက်ဖြစ်တဲ့ ကိုကြည်သန်းက ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ပြန်လွတ်လာဖို့အတွက် စိတ်ရှည်ရှည်နဲ့ စောင့်ရမယ်လို့ ပြောပါတယ်။

“ကျနော်တို့လူတွေ၊ သီးသန့်အကျဉ်းသားတွေက ၃ ယောက်ပဲ လွတ်တယ်ခင်ဗျ၊ ၃ ယောက်ထဲမှာမှ နိုင်ငံရေးနဲ့ပတ်သက်တာက ၂ ယောက်တည်းလွှတ်တယ်။ ကျနော်တို့က လွတ်ရက်စေ့လို့ လွတ်တာ ခင်ဗျ။ ဒီနေ့လွတ်ရက်စေ့တယ်ခင်ဗျ။ အဲဒါနိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ရောလွှတ်လိုက်တာ။ ကျနော်တို့မျှော်လင့်တာက ကျနော်တို့ညီငယ် ခေါင်းဆောင်တွေပေါ့နော်- မျှော်လင့်ပါတယ်။ ဒါပေမယ့် ကြေညာချက်တွေအရ မဖြစ်နိုင်ပါဘူးခင်ဗျာ။ အဲဒါကြောင့် ကျနော်တို့က စိတ်ရှည်စွာနဲ့ပဲ စောင့်ရမှာပေါ့။”

သမ္မတဦးသိန်းစိန်က အကန့်အသတ်နဲ့ လွတ်ရက်တွေကို လျှော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာခဲ့ပြီးနောက်မှာ ဒီနေ့ အကျဉ်းသားတွေလွတ်လာမယ်ဆိုတဲ့အတွက် ထောင်တွေရှေ့မှာ သွားပြီးတော့ စောင့်ခဲ့ကြသူတွေလည်း အများအပြားပါ။ ဒီနေ့မနက် အင်းစိန်ထောင်ရှေ့က အခြေအနေကို ထောင်နားမှာနေတဲ့ ဦးစံဝင်းက အခုလို ပြောပြပါတယ်။

“ထောင်ရှေ့မှာတော့ လာကြိုတဲ့သူတွေတော့ တော်တော်များပါတယ်။ မနက် ခုနစ်နာရီလောက် ကတည်းက ရောက်နေကြတာပါ။ မီဒီယာတွေလည်း အများကြီးလာပါတယ်။”

မန္တလေးထောင်ရှေ့မှာလဲ နိုင်ငံရေး အကျဉ်းသားမိသားစုတချို့ သွားပြီးစောင့်နေကြတဲ့အထဲမှာ ၂၀၀၃ ခုနှစ်ထဲက ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နဲ့ ဆက်သွယ်လို့ ထောင်ကျနေတဲ့ ဦးဝင်းကြည်ရဲ့ဇနီး ဒေါ်ပေါက်လည်း ပါပါတယ်။

“သူတို့တွက်ကိန်းအရဆိုရင်တော့ မပါလောက်တော့ဘူး။ ဒါပေမယ့် မျှော်တော့ မျှော်ရတာပေါ့နော်။ ကျမက နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးလွတ်စေချင်တာလေ။ ကျမလည်း နယ်ဝေးကဆိုတော့ ရောက်တာက ထောင်ဝင်စာ ၁၇ ရက်နေ့မှာတွေ့ပြီးကတည်းက ပြန်ကို မပြန်ရသေးတာ။ ကျမ တကယ်မျှော်လင့်လို့၊ ရင်ထဲကလည်း တအားခံစားရတာပေါ့နော်”

အခုလို နိုင်ငံရေး အကျဉ်းသားမိသားစုတွေ မနက်ကတည်းက လာပြီးစောင့်ခဲ့ကြပေမယ့် မန္တလေး၊ အိုးဖိုထောင်ကနေပြီး အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၂၅၀ လောက် ပြန်လွတ်လာတဲ့ အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အရေးကို ဆောင်ရွက်ပေးနေတဲ့ ကိုအောင်ကျော်မိုးက ပြောပြပါတယ်။

“နိုင်ငံရေးမှုနဲ့ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတော့ တယောက်မှ မပါဘူးဗျ။ မန္တလေးက-နိုင်ငံရေးအကျဉ်းသားလို့ ပြောလို့ရတဲ့သူ တယောက်မှ မပါပါဘူး။ တယောက်မှ မပါဘူးဆိုပေမယ့် ကိုဌေးအောင်ဆိုတာက ကယန်းပြည်သစ်ပါတီက။ သူတို့ကတော့ တကယ်တန်းလက်တွေ့ကျနေတာ စီးပွားရေးမှုနဲ့ ကျနေတာဖြစ်တယ်။ သူတို့အုပ်ကတော့ ၁၀ ယောက်လုံးလွတ်သွားတယ်။ ခုပဲ သူတို့တာဝန်ရှိတဲ့သူ တယောက်က လာပြောသွားတယ်။ သဘက်ခါမှ လွှတ်တော့မယ် ဆိုပြီး လာပြောသွားလို့ အကုန်ပြန်ကြဖို့ လုပ်နေပါတယ်။

သတင်းတခုရတာကတော့ အခု သူတို့ လွှတ်ပေးတဲ့ပေတံနဲ့ဖြတ်လိုက်တဲ့အချိန်မှာ လပိုင်းကျန်နေတဲ့လူတချို့ကို လွှတ်မယ်လို့ ပြောတယ်ဗျ။ အဲဒီအထဲမှာလည်း နိုင်ငံရေးအကျဉ်းသား မပါဘူးလို့ ကြားရပါတယ်။”

ပြည်မြို့ကထောင်ရှေ့မှာ သွားစောင့်ခဲ့တဲ့ လူ့အခွင့်အရေးဆောင်ရွက်သူ ကိုရဲထင်ကျော်ပြောတဲ့ အတိုင်း ဆိုရင်လည်း ဒီနေ့ အင်္ဂါနေ့မှာ လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၈၃ ယောက်မှာ နိုင်ငံရေးအကျဉ်းသား ၁ ယောက်ပဲ ပါပါတယ်။

“နိုင်ငံရေးအကျဉ်းသား ဦးအောင်ကျော်၊တယောက်ပဲပါလာပါတယ်။ ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေ တယောက်မှ ပါမလာပါဘူး”

ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ရှိနေချိန်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွတ်မြောက်လာဖို့ ကန့်သတ်ထားတာနဲ့ ပတ်သက်လို့ ကိုအောင်ဇော်ထွန်းက ခုလို သုံးသပ်ပါတယ်။

“ဥက္ကဋ္ဌအနေနဲ့က အခု ရွေးကောက်ပွဲအခန်းကဏ္ဍနဲ့ နိုင်ငံရေး လှုပ်ရှားမှုအခန်းကဏ္ဍမှာ ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်လွတ်လပ်လပ် မပါဝင်စေချင်ဘူးဆိုတဲ့ သဘောမှာ ရှိတယ်။ ဒီမိုကရေစီရေးနဲ့ လူ့ဘောင် ဖော်ဆောင်တဲ့ အခါမှာလည်း တကယ်ကိုဖွံ့ဖြိုးစေချင်တယ် ဆိုရင်တော့ အထဲမှာရှိနေတဲ့ တိုင်းပြည်နဲ့ ပြည်သူ့အတွက်လုပ်ခဲ့တဲ့ ဒီအကျဉ်းသားတွေရဲ့ စွမ်းရည်၊ စွမ်းပကားတွေ အပြင်မှာ ထုတ်ဖော်အသုံးချခွင့်ပေးသင့်တယ်။ အခု သူတို့မပေးဘူး။ ကန့်သတ်ထား ခြင်းအားဖြင့်- လွတ်မြောက်ရေးအတွက် ဒီလို အကန့်အသတ်တွေနဲ့ ချုပ်နှောင်ထားတဲ့အတွက် မလွတ်မြောက်လာသေးတာဟာ ကောင်းမွန်တဲ့ အလားအလာမဟုတ်ဘူး ”

အခုတခေါက် အကန့်အသတ်နဲ့ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ထဲမှာ နှစ်ရှည်ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ အထူးသဖြင့် အများမျှော်လင့်နေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွတ်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်- စတဲ့သူတွေ မပါနိုင်တဲ့ အပေါ်မှာလည်း နိုင်ငံရေး အကျဉ်းသားများ အရေး ဆောင်ရွက်နေကြသူတွေက ဝေဖန်နေကြပါတယ်ရှင်။

XS
SM
MD
LG