သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ရေးနဲ့ ထိုက်တန်အောင်ကြိုးပမ်းဖို့ ဒေါ်စုတိုက်တွန်း


လွတ်လပ်ရေးနဲ့ ထိုက်တန်အောင်ကြိုးပမ်းဖို့ ဒေါ်စုတိုက်တွန်း
လွတ်လပ်ရေးနဲ့ ထိုက်တန်အောင်ကြိုးပမ်းဖို့ ဒေါ်စုတိုက်တွန်း

လွတ်လပ်ရေးဟာ ကိုယ်နဲ့ထိုက်တန်တယ်ဆိုတဲ့ စိတ်ဓာတ်ကို လူတိုင်းထားဖို့ လိုအပ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် NLD ရုံးချုပ်မှာ ကျင်းပတဲ့ အထိမ်းအမှတ် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်လည်း လူတိုင်း လွတ်လပ်ရေးနဲ့ ထိုက်တန်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကြိုးပမ်းခဲ့ကြတာ ဖြစ်တယ်လို့ ပြောခဲ့ဲတဲ့ မိန့်ခွန်းထဲမှာ ပါပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ လူတိုင်းဟာ လွတ်လပ်ရေးနဲ့ ထိုက်တန်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ လုပ်ခဲ့ဲတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ခုလိုပြောခဲ့တာဖြစ်ပါတယ်။

“လွတ်လပ်ရေးကို ကိုယ်နဲ့လည်းထိုက်တန်သလို ကိုယ့်ဘေးမှာရှိနေတဲ့၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေအားလုံးနဲ့လည်း ထိုက်တန်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ စွဲကိုင်ထားစေချင်ပါတယ်။ နောက်ပြီးတော့ ဒီလို ထိုက်တန်ကြောင်းကို တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ပြမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကိုလည်း လေးလေးနက်နက်ချပြီးတော့ လုပ်ကိုင်သွားစေချင်ပါတယ်”

ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးအောက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေ အားလုံးက ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့ ကြိုးပမ်းခဲ့လို့ လွတ်လပ်ခဲ့တာဖြစ်တယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လွတ်လပ်ရေးမိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။

“ကျမတို့ရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေက လွတ်လပ်ရေးရအောင်ယူခဲ့တယ်ဆိုတဲ့နောက်မှာ ဘာရှိနေလဲဆိုတော့ လွတ်လပ်ရေးနဲ့ထိုက်တန်တယ်ဆိုတဲ့ အင်မတန်မှခိုင်မာတဲ့ယုံကြည်ချက်နဲ့ သန္နိဋ္ဌာန်ရှိပါတယ်။ ဒီယုံကြည်ချက်က ဘာလဲဆိုတာဟာ လူတိုင်းလူတိုင်းဟာ လွတ်လပ်မှုနဲ့ ထိုက်တန်တယ်ဆိုတဲ့ ယုံကြည်ချက်ဖြစ်တယ်။ သန္နိဋ္ဌာန်က ဘာလဲဆိုတော့ ထိုက်တန်တယ်ဆိုတာကို ကမ္ဘာကသိအောင် ပြနိုင်တယ်ဆိုတဲ့ သန္နိဋ္ဌာန်ပဲဖြစ်ပါတယ်။ ဒီယုံကြည်ချက်တွေ၊ ဒီသန္နိဋ္ဌာန်တွေဟာ ကျမတို့က ဆက်ပြီးတော့ ကိုင်စွဲသွားရမှာဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာ လွတ်လပ်မှုနဲ့ ထိုက်တန်တယ်။ ထိုက်တန်သလိုလည်းနေတတ်တယ်။ ထိုက်တန်တယ်ဆိုတာကိုလည်း အများကသိအောင် ပြနိုင်တယ်ဆိုတယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ကျမတို့က ဆက်ပြီးတော့ သွားရမှာဖြစ်ပါတယ်”

ပြည်သူတွေအနေနဲ့ ယုံကြည်ချက်ရှိနေရုံနဲ့ ကျေနပ်နေလို့ မရဘဲ လက်တွေ့အလုပ်လုပ်ဖို့ လိုတယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသွားခဲ့ပါတယ်။ ဒီလွတ်လပ်ရေး အခမ်းအနားမှာပဲ NLD ခေါင်းဆောင် ဦးတင်ဦးကလည်း လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၆၀ ကျော်သွားပြီဖြစ်ပေမဲ့ ခုချိန်ထိ လွတ်လပ်ရေးရဲ့အကျိုးတွေကို အပြည့်အဝ မခံစားနိုင်သေးတဲ့ အကြောင်းအရင်းကို ခုလို ပြောသွားပါတယ်။

“တိုင်းပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ တရားရေး စသည်တို့ဟာ ပြည့်ပြည့်စုံစုံနဲ့ ချမ်းသာ ကြွယ်ဝနေရမှာဖြစ်သော်လည်း တိုင်းပြည်မှာ ငြိမ်းချမ်းရေးမရှိသေးဘဲ အမျိုးသားညီညွတ်ရေး ပျက်ပြားနေတာကြောင့် ဖော်ပြပါ အခြေအနေမျိုးများ ပေါ်ပေါက်လာခဲ့ခြင်းမရှိသေးပါ။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ မရှိပါလျှင် နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာနိုင်မည်မဟုတ်ပါ။”

ခေတ်မီဖွံ့ဖြိုးပြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတဲ့ နိုင်ငံတည်ဆောက်နိုင်ဖို့ အတွက် တိုင်းရင်းသားတွေအားလုံး စည်းလုံးညီညွတ်ကြဖို့ လိုတာကိုလည်း ဦးတင်ဦးက ပြောကြားသွားခဲ့ပါတယ်။ လွတ်လပ်ရေးနေ့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ လွတ်လပ်ရေးနေ့ ကြေညာချက်ထဲမှာလည်း အသက်ပေးပြီး လွတ်လပ်ရေးရအောင် ယူပေးခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့ကြတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေကို ပြည်သူတွေ မခံစားကြရသေး ဘူးလို့ ဖော်ပြထားပါတယ်။ ဒီအခွင့်အရေးတွေကို ခံစားနိုင်ကြဖို့အတွက် ပြည်သူလူထုအားလုံးက စိတ်ထက်ထက်သန်သန်နဲ့ တက်ညီလက်ညီလုပ်သွားကြဖို့ တိုက်တွန်းထားပါတယ်။

ဒီကနေ့ အစိုးရသတင်းစာတွေထဲမှာဖော်ပြထားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာ ထဲမှာလည်း ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်ဖို့ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ပြီး တိုင်းပြည် ငြိမ်းချမ်းဖို့ လိုအပ်တဲ့အကြောင်းနဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးပြီး တိုင်းပြည်တိုးတက်မှ တိုင်းရင်းသား ပြည်သူတွေရဲ့ လူမှု စီးပွားဘဝ မြင့်မားမယ်လို့ အသားပေး ဖော်ပြထားတာတွေ့ရပါတယ်။ ဒီကနေ့ ကျရောက်တဲ့ လွတ်လပ်ရေးနေ့အတွက် သမ္မတဦးသိန်းစိန်က အကန့်အသတ်နဲ့ ငြိမ်းချမ်းခွင့်ကိုလည်း ပေးခဲ့ပါတယ်။

အကန့်အသတ်နဲ့ ထောင်ဒဏ်တွေကို လျှော့ပေါ့ပေးခဲ့တာနဲ့ ပတ်သက်လို့ NLD ခေါင်းဆောင် ဦးတင်ဦးက သမ္မတအနေနဲ့ သူ့ရဲ့ အရှိန်အဝါကို ရဲရဲအသုံးချသင့်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုယ့်ရဲ့ယုံကြည်ချက်ကြောင့် ထောင်ချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတယ် ဆိုတာဟာ တရားဥပဒေစိုးမိုးမှုမရှိတာကို ပြသနေတာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေးနေ့မိန့်ခွန်းတခုမှာ ပြောကြားသွားခဲ့ပါတယ်။ ပြည်သူတွေ အားလုံး လွတ်လပ်ရေး အရသာကို ခံစားနိုင်ဖို့ လွတ်လပ်ရေးရဲ့ တန်ဖိုးကိုသိအောင် လုပ်သွားကြဖို့ အတွက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၆၄ နှစ်ပြည့် လွတ်လပ်ရေးနေ့မှာ တိုက်တွန်းသွားပါတယ်ရှင်။

XS
SM
MD
LG